Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၁၁

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် စက်တင်ဘာ ၉ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၆) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအခြေပြု ပညာရေးနှင့် လေ့ကျင့်ရေးစနစ်တို့ဖြင့် လေ့ကျင့်သင်ကြားပေးရန်၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကျွမ်းကျင်များ ပိုမိုလက်ခံလေ့ကျင့်သင်ကြားပေး နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံ/အလုပ်ရုံများတွင် လိုအပ်သည့် ဘာသာရပ်များ ထည့်သွင်း သင်ကြားပေးရန်၊ သင်ထောက်ကူ ပစ္စည်းများကို အဆင်သင့် အသုံးပြု နိုင်အောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ သင်ကြားမည့်ဘာသာရပ်အလိုက် Program Standards ရေးဆွဲထားရန်၊ သင်တန်းသား ဗဟိုပြု သင်ကြားရေးစနစ်ဖြင့် လေ့ကျင့်သင်ကြားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်ရုံများအတွင်းရှိ သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းအုပ်ကြီးနှင့် နည်းပြအရာရှိများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်သာမြို့ရှိ အမှတ်(၁၀) အထည်စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထည်အလိပ် ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများ အကျိုးရှိအောင် အသုံးပြုနိုင်ရေး တီထွင်ကြံဆလုပ်ဆောင်ရန်၊ ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးကွက် သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်ရန်၊ မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အထည်စက်ရုံခွဲ(မြင်းခြံ)သို့ ရောက်ရှိပြီး ဆေးဂွမ်းနှင့်ပတ်တီးများ ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် အစဉ်အမြဲ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများချမှတ် ဆောင်ရွက်ရန်နှင့် စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ အမှတ်(၅) အထည်စက်ရုံနှင့် အမှတ်(၁၁)အထည်စက်ရုံ တို့သို့ ရောက်ရှိပြီး စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့် တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကာ နိုင်ငံပိုင်စက်ပစ္စည်း၊ အဆောက်အဦ၊ မြေ စသည့် ပုံသေပိုင်ပစ္စည်းများနှင့် ပတ်သက်၍ စနစ်တကျစီမံခန့်ခွဲရန်နှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ စက်ရုံအား အရှုံးအမြတ်အခြေအနေ (Break Event Point) ဖြစ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်၊ ရှိပြီးဖြစ်သည့် နည်းပညာများ ပျောက်ပျက် မသွားစေရေးအတွက် ဆင့်ပွား သင်တန်းများ ပြုလုပ်ပေးရန်၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အစဉ်အမြဲ ဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းများ ပြန်လည်ဖွင့်လှစ်လျှင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန်၊ သင်ကြားနေသည့် ဘာသာရပ်များကို အဆင့်မြှင့်တင်သွားရန်၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်ရေး အမြဲမပြတ် လေ့လာသင်ယူသွားရန် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုမည့် စက်မှုကျွမ်းကျင်များ ပိုမို မွေးထုတ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် အမှန်တစ်ကယ် တတ်ကျွမ်းအောင် သင်ကြားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)