ပုဂံ စက်တင်ဘာ ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ညောင်ဦးမြို့၊ မဟာဝိသုတာရာမတိုက်သစ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာသီရိ ထံမှ ငါးပါးသီလခံယူပြီး နဝကမ္မ အလှူငွေကျပ်သိန်း (၅၀)နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေစည်းခုံဘုရားကြီး ကြံ့ခိုင်မှုကိုလည်းကောင်း၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် Memory of the World (MoW) ဘုရင့်နောင် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိကျောက်စာတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ညောင်ဦးမြို့ ဇမ္ဗူဒီပဗိမာန်တော်တွင် ညောင်ဦး ခရိုင်သာသနာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)