နေပြည်တော် ဩဂုတ် ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ အများပြည်သူရုံးပိတ်ရက်များ တွင်လည်း ဦးစားပေးတင်သွင်းခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၁၇) ခု၊ Oxygen Plant (၂) ခု၊ အောက်ဆီဂျင်(အိုးခွံ) (၁၄၉) အိုး၊ နှာခေါင်းစည်း (Mask) (၁၅) တန်နှင့် ပင်လယ်ဆိပ်ကမ်းမှ Oxygen Concentrator (၁၁၄၁) ခု အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ ထီးခီး၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် (အရည်) Bowserယာဉ် (၃) စီးဖြင့် တန် (၆၀)၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် (၄)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၅၁၉၁)ခု၊ အောက်ဆီဂျင် Plant (၇) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၂၆၅) ခု၊ PPE ဝတ်စုံ(၁၀၀၀) ၊ နှာခေါင်းစည်း (Mask) (၆၉) တန် တင်သွင်းနိုင်ခဲ့ သည်။ တင်သွင်းခဲ့သည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ်(၃)စီးမှာ ရန်ကုန်မြို့ သို့ဖြစ်ပြီး Oxygen Plant(၇)ခုမှာ မြစ်ကြီးနား မြို့သို့ (၄) ခု၊ ရန်ကုန်မြို့သို့ (၂) ခုနှင့် ကွမ်းခြံကုန်းမြို့သို့ (၁) ခု ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)