Skip to main content

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

နေပြည်တော် ဩဂုတ် ၂၄

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တပ်ကုန်းမြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီးများသို့ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက် ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာတွင် ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ လက်ပံကျေးရွာအုပ်စုမှ တောင်သူ (၅၇) ဦးအား လယ်ဧက ၃၀၈ ဧက အတွက် ငွေကျပ်  ၃၅ဒသမ၄ သန်း ထုတ်ချေးပေးခဲ့သည်။

တပ်ကုန်းမြို့နယ်ဘဏ်ခွဲအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ များကို ယခင်နှစ် ၂၀၂၀ ပြည့်နှစ် မိုးချေးငွေ ပြေကျေစွာ ပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေထုတ်ချေးပေးနေစဉ် ကာလအတွင်း လာရောက် ပေးဆပ်သူ တောင်သူဦးကြီးများကိုလည်း ချေးငွေပေးဆပ်မှုကို လက်ခံ၍ စက်တင်ဘာလ ကုန်အထိ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တပ်ကုန်း မြို့နယ်ဘဏ်ခွဲမန်နေဂျာ၊ ဒေါ်နန့်တင်စန်း ထံမှ သိရသည်။

လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ လေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ အုပ်စု ၅၃ အုပ်စု၊ တောင်သူ ၂၉၆၈ ဦး၊ စပါး ၁၀၂၉ ဧကနှင့်အခြားသီးနှံ ၂၀၁၁ ဧကအတွက် စုစုပေါင်းစိုက်ဧက ၁၂၂၆၀  အတွက် ချေးငွေကျပ် ၁၇၃၈ ဒသမ ၄၅ သန်း ထုတ်ချေးထားပြီးဖြစ် ကြောင်း နေပြည်တော်တိုင်းဘဏ်ခွဲမန်နေဂျာ  ဦးသက်ဦး ထံမှ သိရှိရသည်။

အေးသန့်(သတင်းစဉ်)