Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဟောင်သရောမြစ်အတွင်း ငါးသားပေါက်ကောင်ရေ ၁၃၀၀၀၀ မျိုး စိုက်ထည့်

ရန်ကုန်  ဩဂုတ် ၂၄

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်၊ ဟောင်သရောမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၁၃၀၀၀၀ မျိုးစိုက်ထည့်သော အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟောင်သရော မြစ်အတွင်းသို့ ငါးမြစ်ချင်းသားပေါက် ၈၀၀၀၀ နှင့် ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ ၅၀၀၀၀ ကို ကျုံဒိုးမြို့မဈေး၊ စက်လှေဆိပ်တွင် မျိုးစိုက်ထည့်ခဲ့သည်။

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ထိုဒေသ၏ငါးထုတ်လုပ်မှု တိုးတက်စေရေး၊ ရေထွက်ကုန်မှ ကျေးလက်လူမှုစီးပွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် ရေချိုငါးသယံဇာတများ ထိန်းသိမ်းရေးအတွက် သဘာဝရေပြင်နှင့် အင်း၊ အိုင်၊ မြစ်၊ ချောင်းတို့တွင် ငါးမျိုး စိတ်များကို စိုက်ထည့်လျက်ရှိရာ ယခုမိုးရာသီ၌ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုနှင့်အညီ အခြေခံစားသောက်ကုန်ဖြစ်သော ရေသယံဇာတများ ရည်ရှည် တည်တံ့စေရန် ကရင်ပြည်နယ်အတွင်း ငါးသားပေါက်များကို စိုက်ထည့်ခဲ့ရာ ဩဂုတ် ၂၄ ရက်အထိ ငါးသား ပေါက်ကောင်ရေ ၁၁ သိန်းကို မျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး

ညိမ်းသူ (သတင်းစဉ်)