Skip to main content

ရန်ကုန်မြို့ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင် ကွင်းလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းဆုံသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ယူခင်းနေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ထု ၁၁ လက်မရှိ လမ်းသားတင်ကွန်ကရစ် ခင်းနေမှုနှင့် ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသည့် ဆရာစံလမ်းတစ်လျှောက် လူသွားလမ်း ပလက်ဖောင်းအောက်ရှိ ရေမြေခြင်းများကို ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များဆယ်ယူ ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ် (၇) ဈေးလမ်းမကြီး၊ အ.ထ.က (၂)ကျောင်းရှေ့ ရေမြောင်းတစ်လျှောက် ရေစီးရေလာစီမံခန့် ခွဲမှုဌာနမှ Excavator ယာဉ်များဖြင့် အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ ၆/အရှေ့ ရပ်ကွက်နှင့် ၆/အနောက်ရပ်ကွက်ကြား ဝေဇယန္တာလမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်ထားမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် အသိပညာပေး ဗီနိုင်းပိုစတာများကို သာကေတမြို့နယ် ၆/အရှေ့ရပ်ကွက်နှင့် ၆/ အနောက်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဝေဇယန္တာ အနောက် ၁၂ လမ်း အရှည်ပေ ၅၉၀၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းကျင်းနေမှုနှင့် အလျား ၁၈ ပေ၊ အကျယ် ၄ ပေ၊ အမြင့် ၄ ပေရှိ Culvert ပြုလုပ်နေမှုတို့ကို လည်းကောင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ် သစ်တောဇုန်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယန်ကျိုးမြို့မှ လှူဒါန်းထားသောလှေကို ပြန်လည်ပြုပြင် တည်ဆောက်နေမှုကို လည်းကောင်း၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ယူဆောင်ရွက်နေသော Ellipse ကစားကွင်း ပြုပြင်တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်