Skip to main content

စေတနာ့ဝန်ထမ်းများ/ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို သိရှိနိုင်ရေး ထပ်ဆင့်မျှဝေ ရှင်းလင်းခြင်း အစီအစဉ်ကျင်းပ

နေပြည်တော် ဇူလိုင် ၃၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းများ/ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို သိရှိနိုင်ရေး ထပ်ဆင့်မျှဝေရှင်းလင်းခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ချထားရေးဝန်ကြီး ဌာနအနေဖြင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းများနှင့် တွေ့ဆုံဆွေးနွေး ၍ ဆွေးနွေးတင်ပြချက်မှတ်တမ်းများကို ဇူလိုင် ၃၀  ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်ကော်မတီ၏ အစည်း အဝေးတွင် အခက် အခဲများ/လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ လက်ရှိ ကာလအထိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စေတနာ့ ဝန်ထမ်းစုစုပေါင်း (၁၈၀၈၀) အတွက် စားသောက် စရိတ်ငွေကျပ် (၂၂၅၅ ဒသမ ၈၈)သန်းနှင့် ပရဟိတအဖွဲ့အစည်း ပေါင်း (၁၆၃၁)ဖွဲ့၏ စက်သုံးဆီလိုအပ်ချက်အတွက်ငွေကျပ် (၁၇၆၄) သန်းကို ကျခံသုံးစွဲ ခွင့်ပြု ပေးခဲ့ပါကြောင်း၊  ဇူလိုင် ၂၆ ရက်တွင် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်း များအတွက် (၄၀၁၉ ဒသမ ၈၉၅)သန်း ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုတတိယလှိုင်းတွင် ကုသရေးစင်တာများ၊ Q centerများ၌ ထားရှိသူများကို တစ်ဦးလျှင် စားစရိတ် (၄၅၀၀)ကျပ်နှုန်း ကျွေးမွေးရန် ခွင့်ပြုခဲ့ ပါကြောင်း၊ ဇူလိုင် ၃၀ ရက် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်ကော်မတီ ၏အစည်းအဝေးတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စီမံအုပ်ချုပ်ရေးကောင်စီများ အနေဖြင့် ဒေသလိုက်ဖြည့်ဆည်းမှုပေးရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း စေတနာ့ဝန်ထမ်း သင်တန်းများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ်များ စိစစ်ရေးကတ်ပြားများ ထုတ်ပေးရန်ကိစ္စ၊ သွားလာရေးတွင် လုံခြုံရေးစိစစ်ခွင့်ပြု ပေးရန်ကိစ္စ၊ စေတနာ့ဝန်ထမ်းကဒ်များ ပြုလုပ်ပေးသွားရန် များ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်း/ပရဟိတအဖွဲ့များ ဗဟိုကြီးကြပ်ကွပ်ကဲ ရေး ဌာနများ၊ Recovery Center များ၊ ဖွင့်လှစ်ရေးကိစ္စအား တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ရန်စီစဉ်လျက်ရှိပါကြောင်း၊ အရေးပေါ်လူနာ တင်ယာဉ်များပေါ်တွင် အောက်စီဂျင်အိုး တပ်ဆင်ထားရန် လူနာတင်ယာဉ်များကို မြို့နယ်အလိုက် စီစဉ်ထားရန်ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ လိုအပ်ချက်များဖြစ်သော ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ၊ သတင်းအချက်အလက်များ အား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီး၏ နယ်မြေအခြေအနေ အခက်အခဲ၊ လိုအပ်ချက် များ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ဘေးကိုသာမက သဘာဝဘေးများလည်းကြုံတွေ့နေကြရသည့် အချိန်ဖြစ်၍  မိမိတို့ တိုင်းပြည်နှင့်လူမျိုးအတွက် အစိုးရနှင့်ပြည်သူ ပူးပေါင်းလက်တွဲပြီး ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ် ကြရန်လိုအပ်ပါကြောင်း၊ တက်ရောက်လာသူများက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးကြလို့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)