လူကုန်ကူးမှုသည် ခေတ်သစ်ကျွန်ပြုမှုပုံစံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကို စိန်ခေါ်လျက်ရှိသည်။ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြီးလျှင် လူကုန်ကူးမှုသည် ဒုတိယမြောက် အမြတ်အစွန်းကြီးမားစွာရရှိနိုင်သော အရင်းအမြစ်ဖြစ်သည့်အလျောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖြစ် ပြည်ပနိုင်ငံများသို့ဦးတည်၍ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်နေကြသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာသည် အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆိုသည်။ နှစ်စဉ်ဖြစ်ပွားနေသည့် လူကုန်ကူးမှုများတွင် ပြည်တွင်း လူကုန်ကူးမှု ၅၆ ရာခိုင်နှုန်းရှိပြီး ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်းရှိသည်ဟုလည်းသိရသည်။ ပြည်တွင်းလူကုန်ကူးမှုတွင် အဓမ္မပြည့်တန်ဆာစေခိုင်းခံရမှုနှင့် အဓမ္မခိုင်းစေမှု၊ ပြည်ပလူကုန်ကူးမှုတွင် အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှုနှင့် အဓမ္မတောင်းရမ်းစေခိုင်းမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
လူကုန်ကူးသူများသည် လူသုံးများသည့် အင်တာနက်လူမှုကွန်ရက်များဖြစ်သည့် Facebook၊ TikTok၊ Telegram၊ Wechat စသည်တို့မှတစ်ဆင့် မက်လုံးပေးဆွဲဆောင်စည်းရုံးလာကြရာ နည်းပညာအသုံးပြု၍ လူစုဆောင်းမှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။ လူကုန်ကူးမှုပြဿနာသည်လည်း ဆင်းရဲမွဲတေမှု၊ ပညာရေးနိမ့်ကျမှု၊ ဗဟုသုတနည်းပါးမှုတို့ကြောင့် သားကောင်ဘဝကျရောက်ခဲ့ကြရသည့် အခြေအနေမျိုးကိုကျော်လွန်ကာ ပညာတတ်ဘွဲ့ရများပင် ပါဝင်လာနေကြသည်ဟုလည်း သိရသည်။ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိနိုင်ရန် အသိပညာပေးမှုများကို သက်ဆိုင်ရာက တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အလေးဂရုပြုကြရန်လိုသည်။
မိမိတို့နိုင်ငံတွင် လူကုန်ကူးခံရနိုင်သည့် အန္တရာယ်အများဆုံးသော လူမှုအသိုင်းအဝိုင်းများမှာ အခြေခံလူတန်းစားများ၊ အလုပ်အကိုင်အတည်တကျမရှိသူများ၊ ဆယ်ကျော်သက်အမျိုးသား၊ အမျိုးသမီးလူငယ်များ၊ အိမ်ခြေရာမဲ့များဖြစ်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်မှုပေးခြင်းတို့ကို မျက်ခြည်မပြတ်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုဖြစ်ပွားနှုန်းများပြားသည့်ဒေသအဖြစ် သတ်မှတ်ခံရသော မဲခေါင်ခြောက်နိုင်ငံတွင် ပါဝင်နေသည်။ မဲခေါင်ဒေသတွင်းဖြစ်ပွားသည့် လူကုန်ကူးမှုများမှာ လိင်မှုဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မထိမ်းမြားခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းဝယ်ခြင်း၊ အဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကလေးများကို လူကုန်ကူးခြင်း၊ အဓမ္မမွေးစားခြင်း၊ ငါးဖမ်းလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်း၊ အဓမ္မတောင်းရမ်းစေခြင်းတို့ ဖြစ်ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကတည်းကပင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆) ပါ နှစ်အလိုက် လုပ်ငန်းစီမံချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုသည် လူလူချင်းခေါင်းပုံဖြတ်အမြတ်ထုတ်သော လူမဆန်သည့်ရာဇဝတ်မှုဖြစ်သည်။ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း လူကုန်ကူးမှုများကင်းရှင်းသည်အထိ တိုက်ဖျက်ကြရာတွင် လူလူချင်း နည်းမျိုးစုံဖြင့်ခေါင်းပုံဖြတ်မှုများကို အဆုံးသတ်ဖယ်ရှား ရှင်းလင်းကြရပါမည့် အကြောင်း။ ။