Skip to main content

အခွင့်အလမ်းများစွာရှိသည့်မြန်မာနိုင်ငံ ရဲရဲတင်းတင်းရင်းနှီးမြှုပ်နှံလုပ်ကိုင်

“မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြီးဆုံးချိန်၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အေးအတူပူအမျှနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံအနေဖြင့် ရဲရဲတင်းတင်း လာရောက်ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲအခမ်းအနားတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတများ များစွာရှိသည်။ ပထဝီအနေအထားအရ မဟာဗျူဟာကျပြီး အချက်အချာကျသော ဒေသတွင်တည်ရှိသည်။ လုပ်သားအင်အား အရင်းအမြစ်များစွာရှိသည်။ နယ်စပ်ကုန်သွယ်မှုများမှတစ်ဆင့် နှစ်နိုင်ငံပို့ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့နိုင်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေနိုင်သည့် အလားအလာကောင်းများစွာရှိသည်။ ယခင်အစိုးရလက်ထက်များက နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများစွာရှိခဲ့သည်။ သို့သော် လုပ်ငန်းများဆောင်ရွက်ရန်အတွက် အဆုံးအဖြတ်မှာ ချောမွေ့မြန်ဆန်စွာမပြီးပြတ်ပေ၊ အဟန့်အတားအမျိုးမျိုး၊ အနှောင့်အယှက်အဖုံဖုံရှိခဲ့သည်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအကြောင်းပြု၍ ပယောဂမျိုးစုံကြုံခဲ့ရသည်။ နှစ်နိုင်ငံအကျိုးစီးပွားကို ဖြောင့်ဖြူးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်သွားခဲ့သည်။

မျက်မှောက်ကာလတွင် စီးပွားရေးအခြေအနေများ တိုးတက်ပြောင်းလဲပွင့်လန်း မည့်အလားအလာများ တွေ့မြင်နေရသည်။ နိုင်ငံ့ခေါင်းဆောင်၏ အမြော်အမြင်ရှိမှု၊ စဉ်းစားချင့်ချိန်ဆောင်ရွက်နိုင်မှု၊ ရဲဝံ့ခိုင်မာ ပြတ်သားစွာဆုံးဖြတ်နိုင်မှု၊ နိုင်ငံကို တိုးတက်စေလိုသည့် ဆန္ဒပြင်းပြမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေးမှုစသည့် စွမ်းဆောင်ရည်များကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖြစ်ထွန်းနိုင်သည့် အခြေအနေကောင်းများရရှိလာသည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယခင်ကဖြစ်ပေါ်ခဲ့သည့် စိုးရိမ်ပူပန်မှုများပြေလျော့လာပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံတွင် ရဲရဲဝံ့ဝံ့ပူးပေါင်းဆောင်ရွက်ရန် အခြေအနေကောင်းများရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံများတွင် တရုတ်နိုင်ငံသည် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံဖက်နိုင်ငံဖြစ်သည်။ အထူးသဖြင့် မိုင်ပေါင်း ထောင်ချီရှည်လျားသည့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပြုသည့် နယ်စပ်ဂိတ်များဖြင့် အားပြုဆောင်ရွက်ခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်စပ်ဒေသတည်ငြိမ်မှုပျက်ပြားအောင် ဆောင်ရွက်ခဲ့မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ထိခိုက်ခဲ့သည်။ ထို့ကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ အားလုံးကလည်း ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သွင်းကုန်ပမာဏကန့်သတ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ငွေကြေးများအား ပိတ်ဆို့ထားမှုကြောင့် တရုတ်နိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ ကုန်သွယ်မှု၊ နယ်စပ်ငွေကြေးလွှဲပြောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ်နှင့်ကျပ်ငွေ တိုက်ရိုက်ငွေပေးချေရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သယံဇာတများအား ကုန်ကြမ်းများအဖြစ်တင်ပို့ခြင်းကို ခွင့်မပြုဘဲ ကုန်ချော သို့မဟုတ် တစ်ဝက်တစ်ပျက်ကုန်ချောအဖြစ်သာ တင်ပို့ခွင့်ပြုသည်။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကုန်ချောထုတ်လုပ်ရေးလုပ်ငန်းများရှိ စက်ပစ္စည်းများအတွက် လိုအပ်သည့်သွင်းကုန်များကို ခွင့်ပြုပေးခြင်း၊ မြန်မာနိုင်ငံတွင် ရှိပြီးရင်းနှီးမြှုပ်နှံမှုများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါက ခွင့်ပြုပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ချိန်တွင် လုံခြုံရေးအရ အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးထားသည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲပြီးစီးချိန်တွင် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုများ တိုးတက်ကောင်းမွန်လာမည်ဖြစ်သလို မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံကြရာ၌ အကာအကွယ်ပေးမှုများ၊ အာမခံချက်များ၊ လွယ်ကူချောမွေ့မှုများ လိုအပ်ချက်အမျိုးမျိုးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ရဲရဲဝံ့ဝံ့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်နှင့် အိမ်ရှင်နိုင်ငံကလည်း ကြိုးစားပမ်းစား လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် မျှော်မှန်းနိုင်မည်ဖြစ်ပါကြောင်း။ ။