Skip to main content

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ဇူလိုင်၂၆ ရက်မှ သြဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင် တင်သွင်းခွင့်ပြုပေးမည်ဖြစ်

နေပြည်တော် ဇူလိုင် ၂၄
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် ထားမှုများကိုလည်း ရုံးချိန်အတွင်းပုံမှန် အတိုင်းခွင့်ပြု ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၄ ရက်စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက် ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်း တို့မှ အဆက်မပြတ်တင်သွင်းခွင့်ပြုလျက်ရှိသည်။
ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၇၁၉) လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးဖြင့်တန် (၂၀) ၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် (၁၂၀) ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၈၁၅) ခု၊ နှာခေါင်းစီး (Mask) (၁၈) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၂၅) ခုမှ ယာဉ်စီးရေ (၃၈) စီး ဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် နိုင်ငံတော်မှ ရောဂါ ထိန်းချုပ်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက် မှ ဇူလိုင် ၂၄ ရက်အထိ မော်တော်ယာဉ် (၃၈၈) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၇၅) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၃၈၉) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၆၃) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (၂၈၀၉၂) ခု၊ Test Kit (၁၉၈၅၇၅) ခု၊ နှာခေါင်းစီး (Mask) (၆၃၅) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ကိုဗစ် - ၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီ လိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ(Contact Person)များနှင့် အသိပေး ကြေညာချက်များကိုလည်းဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု့နိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)