Skip to main content

ကပ်ရောဂါတွေမဖြစ်တုန်းကလည်း ထောင်ဝင်ကျန်းမာရေး စစ်ဆေးချက်ရှိတယ်။ သေချာစစ်ဆေးစိစစ်ပြီးမှ လက်ခံတာပါ။

အင်းစိန်အကျဉ်းထောင်တွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ဆူပူမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏မေးမြန်းချက်ကို အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော် က ပြန်လည်ဖြေကြားခဲ့သည်။

 

 

မေး    ။    ။    အင်းစိန်အကျဉ်းထောင်မှာ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ မိနစ်၂၀မှာ အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားတဲ့ အချုပ်သားများ ဆူပူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဆူပူမှုနဲ့ ပတ်သက်ပြီး သိလိုပါတယ်။

 

ဖြေ    ။    ။    ၂၀၂၁ ခုနှစ်၊ဇူလိုင်လ ၂၃ ရက်၊ နံနက် ၇ နာရီ မိနစ် ၂၀ မှာ ထိန်းသိမ်းထားတဲ့  အချုပ်သားတွေကနေပြီးတော့ ဆူပူမှုဖြစ်တာရှိပါတယ်။ ဆူပူမှုဖြစ်တဲ့အချိန်မှာပဲ တာဝန်ရှိတဲ့ ရန်ကုန်တိုင်းဦးစီးမှူး၊ ညွှန်မှူးတို့၊ အင်းစိန်ထောင်ပိုင်တို့က ဆူပူမှုဖြစ်တဲ့ အချုပ်သားတွေကို   သွားရောက်တွေ့ဆုံ ပြီးတော့သူတို့ရဲ့  လိုလားချက်တွေ၊ တောင်းဆိုချက်တွေ  သွားပြီးမေးမြန်း တယ်။ ညှိနှိုင်းပြီးတော့ ဆွေးနွေးပေးတယ်။ ဆွေးနွေးမှုကို သူတို့ကလက်ခံပြီး ၉ နာရီ ခွဲလောက် မှာ အေးဆေးဖြစ်သွားပါပြီ။

 

သူတို့ တောင်းဆိုချက်တွေကတော့ အကျဉ်းထောင်က ထိန်းသိမ်းထားတဲ့အဖွဲ့တွေ နိုင်ငံတော် အနေနဲ့ စိစစ်ပြီးတော့ ပြန်လွှတ်ပေးတဲ့အချိန်မှာ  မပါတဲ့အဖွဲ့တွေက တောင်းဆိုတဲ့သဘောပေါ့။ နိုင်ငံတော် အနေနဲ့ ပထမတစ်ခေါက် ၆ လပိုင်းမှာ တုန်းကလည်း  စိစစ်ပြီးတော့ ပြန်လွှတ် ပေးရမယ့်သူဆိုရင် လွှတ်ပေးခဲ့တာပဲ။ အခုလည်း ပြန်လွှတ်ပေးတယ်ဆိုတာ တကယ်တမ်း ကျတော့ တချို့အမှုတွေက ကိုဗစ်- ၁၉ ကြောင့် မစစ်ဆေးနိုင်ပေမယ့် ပြစ်ဒဏ်ကျတဲ့   ကာလလောက်နဲ့တူညီတဲ့ အနေအထားတွေ  ဖြစ်တာပေါ့။  အဲဒါကြောင့် ဒါတွေကို စိစစ်ပြီးတော့ ပြန်လွှတ်ပေးတာပေါ့။ အဲဒီအပေါ်မှာ  မူတည်ပြီး တော့ သူတို့ကကျတော့ မပါဘူးပေါ့၊ သူတို့ ကိုပဲ မတရားဖိနှိပ်သလိုမျိုး ယူဆပြီးတော့ သူတို့က ဆူပူမှုဖြစ်အောင် လုပ်တာပေါ့။

 

ထောင်ဝင်စာနဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အချိန်ကစပြီး ထောင်ဝင်စာ   ဧည့်သည်တွေ့ဆုံခွင့်ကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့ အဓိက အကြောင်းရင်းက ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းကလည်းများတယ်။ ကူးစက်မှုကလည်း မြန်ဆန်တဲ့အတွက် ထောင်ဝင်စာ တွေ့ဆုံ တဲ့ လူတွေက အများကြီးပါ။ ဒီအကျဉ်းထောင်မှာရှိတဲ့လူတွေ အကုန်လုံးကို အပြင်က   လူတွေ အကုန်လုံးက လာတွေ့တဲ့အချိန်မှာ လူစုလူဝေးဖြစ်ပေါ်မှာပေါ့။ အဲဒီတော့ လူစုလူဝေးဖြစ်မှာကို စိုးရိမ်တဲ့အနေနဲ့ထောင်ဝင်စာ တွေ့ဆုံခြင်းကို ဆိုင်းငံ့ထားတာပေါ့။ ထောင်ဝင်စာ မတွေ့ဆုံရ ပေမယ့် အထဲမှာရှိတဲ့ အကျဉ်း သား၊ အချုပ်သားတွေကို  ကျန်တဲ့အပြင်က သူတို့ရဲ့ မိဘဆွေမျိုး တွေကတော့ ထောင်ဝင်စာပါဆယ်ပစ္စည်းပေးလို့ ရပါတယ်။ အဲဒါကိုတော့    လက်ခံဆောင်ရွက် ပေးထားပါတယ်။

 

ပြီးရင် အပြင်က မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ်လုပ်ဖို့ စာရေးသားခွင့်တွေကို စီစဉ် ဆောင်ရွက်ပေးထားတယ်။ အကျဉ်းထောင်ရဲ့ အစီအစဉ်နဲ့ပေါ့နော်။ ပြီးရင် ကျန်းမာရေး စောင့်ရှောက်မှုပေါ့၊ အကျဉ်းထောင် လာအပ်ကတည်းက အကျဉ်းထောင်ကနေ  လက်ခံကတည်း က သူတို့ကို ထောင်ဝင်ကျန်းမာရေးစစ်ဆေးချက်ဆိုတာရှိတယ်။ အဲ့ဒီလိုမျိုးစစ်ဆေး ပြီးတော့မှ လက်ခံတယ်။ ကပ်ရောဂါ တွေမဖြစ်တုန်းကလည်း အကျဉ်းထောင်ကို လာအပ်တဲ့ ဘယ် အကျဉ်းသား၊ အချုပ်သားမဆို ထောင်ဝင်ကျန်းမာရေး စစ်ဆေးချက်ဆိုတာရှိတယ်။ အဲ့ဒါကို စစ်ကိုစစ်ရတယ်။ စစ်ပြီးတော့မှ သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်မှု ရှိ/ မရှိ။ ခန္ဓာကိုယ်မှာ ဘာ အနာတရရှိသလဲ၊ ဒါမှမဟုတ် ကျန်တဲ့ဘာရောဂါတွေရှိလဲ။ ဒါတွေ သေချာစစ်ဆေး စိစစ်ပြီး တော့မှ လက်ခံတာပါ။ အဲဒီလိုဘာကြောင့် လက်ခံသလဲဆိုရင် ဒီအကျဉ်းသား၊ အချုပ်သား တစ်ယောက်က အကျဉ်းထောင်မှာထားသလား၊ မထားသင့်ဘဲနဲ့ အပြင်ဆေးရုံမှာပဲ  တင်ထားရ မယ့် လူလားဆိုတာ သေချာစစ်ဆေးတာ။ ပြောချင် တာကတော့ ဒဏ်ရာတွေ ဗရပွနဲ့ လာအပ် တယ်ဆိုရင် အကျဉ်းထောင်မှာပဲ ထိန်းသိမ်းလို့ အဆင်မပြေဘူးဆိုရင် ပြင်ပဆေးရုံတစ်ခါတည်း   တင်ပို့ပြီးတော့ ကုသပေးတာ ဖြစ်ပါတယ်။