နေပြည်တော် ဇူလိုင် ၂၃
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်း များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ထိုင်းနိုင်ငံဘက်မှ မြဝတီကုန်သွယ်ရေးဇုန်၊ တရုတ်နိုင်ငံဘက်မှ မူဆယ် ကုန်သွယ်ရေးဇုန်တို့မှ အများဆုံးတင်သွင်းလျက်ရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာ သည့် ဇူလိုင် ၁၂ ရက်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်း များကို ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့်ကာလအတွင်း၌လည်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူ မြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဇူလိုင် ၂၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၂၆၈၉) လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ ချင်းရွှေဟော်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၃) စီးဖြင့် (၄၈) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၂၁) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၄၁၀၃) ခု၊ Test Kit (၁၂၃၅၀) ၊ နှာခေါင်းစီး (Mask) (၇၅) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၃၃)ခု မှ ယာဉ်စီးရေ (၅၂) စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိ သည့် ဇူလိုင် ၁၂ ရက်မှ ၂၃ ရက်အထိ မော်တော်ယာဉ် အစီး (၃၅၀) ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၅၅) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၂၆၈) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၆၂) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (၂၅၂၇၇)ခု၊ Test Kit (၁၄၆၈၅၀) ခု၊ နှာခေါင်းစီး ( Mask ) (၆၁၇) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
(သတင်းစဉ်)