ရန်ကုန် ဇူလိုင် ၁၉
၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပသည်။
အခမ်းအနားသို့ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အခမ်းအနားကျင်းပရေး ဗဟို ကော်မတီအဖွဲ့ဝင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာဇာနည် ခေါင်းဆောင်ကြီး များ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ တို့က အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကြသည်။
ထို့နောက် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်စွာ မေတ္တာပို့သ အမျှပေးဝေကြသည်။
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာ အဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာ မှုတ်၍ လည်းကောင်း အလေးပြုကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးနှင့် ဇနီးတို့ ကိုယ်စား (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေး ဝေကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်မြို့ရှိ နိုင်ရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများနှင့် သံရုံး ယာယီ တာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေး ပြုကြသည်။
ယင်းနောက် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုကြသည့် ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social Distancing နှင့်အညီ တစ်ဦးချင်း ခြောက်ပေအကွာမှ စနစ်တကျ တန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသောအားဖြင့် ဂါရဝပြုကြသည်။
၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)