Skip to main content

လွတ်လပ်ရေး၏အရသာ

မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ခြောက်လခန့်သာ လိုတော့သည့် အချိန်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးနောက် ဖြစ်ပေါ်လာမည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး လမ်းညွှန်ပြဋ္ဌာန်းချက်များကို အဆိုတင်သွင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဇူလိုင် ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီး၌ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရရှိရန် အာမခံကြောင်းနှင့် လွတ်လပ်ရေး ရပြီးနောက် လွတ်လပ်ရေးနှင့် ထိုက်တန်အောင်အလုပ် ကြိုးစားလုပ်ကြစေလိုကြောင်း ပြောကြားခဲ့ရာ ၎င်းမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်ခဲ့သည်။

ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းတွင် နိုင်ငံပြန်လည်ထူထောင်ရေး ကြိုးပမ်းအလုပ် လုပ်ကြရန်အတွက် “အဲဒီတော့ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ပါဘူး၊ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည် စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင် ဘူးဆိုရင်ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်" ဟူ၍ ပြောကြားခဲ့သည်။ အလုပ်လုပ်ရာတွင်လည်း သာမန်မျှလုပ်နေရုံဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်မည် မဟုတ်သည့်အတွက် “ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့ကခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလိုလိုက်နိုင်တဲ့ အခါကျမှနောက် ၁ဝ နှစ်၊ အနှစ် ၂ဝ တန်သည်အားဖြင့် အဲဒီလို တန်းတူညီတူ ဖြစ်သွားမယ်” ဟူ၍လည်း ထည့်သွင်းမိန့်ကြားခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လူမသမာတို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရပြီးနောက် လွတ်လပ်သည့် မြန်မာနိုင်ငံဘဝသို့ ရောက်ခဲ့သော်လည်း ဗိုလ်ချုပ် ရှိစဉ်က ရရှိခဲ့သည့် တစ်ခဲနက်သော စည်းလုံးညီညွတ်မှုတို့ ပျောက်ကွယ်ခဲ့ရသည်။ သံသယများ၊ အငြိုးအာဃာတများ၊ အယူဝါဒ ပေါင်းစုံနှင့် လိုလားချက်ပေါင်းစုံတို့စုပြုံကာ လက်နက်စွဲကိုင် တိုက်ခိုက်မှုများ နိုင်ငံတစ်ဝန်း၊ ဒေသများစွာတို့တွင် ပေါ်ပေါက်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ မရောက်ရှိခဲ့။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေးတို့ကို ဗိုလ်ချုပ်က တဖွဖွမှာကြား ခဲ့သော်လည်း နယ်ချဲ့တို့ စနစ်တကျ ချထားရစ်ခဲ့သည့် သံသယမျိုးစေ့တို့က အပင်ပေါက်ခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပြည်သူလူထု ညီညွတ်ရေးတို့အတွက် ဆောင်ရွက်ဖွယ်ရာတို့က ခေတ်ပြိုင် မျိုးဆက်တို့၏ ပခုံးထက်တွင် ကြီးမားလေးလံစွာ တင်ရှိနေဆဲ။

ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာစေရန်မှာ မိမိတို့တွင် အင်အားရှိဖို့လိုသည်။ ယင်း အင်အားသည် အခြားမည်သည့်နေရာတွင်မှမရှိ ပြည်တွင်းမှာသာ ရှိသည့် အင်အားဖြစ်သည်။ နိုင်ငံ့အင်အားကို တည်ဆောက်နိုင်ရန် အတွက်မှာ စည်းလုံးညီညွတ်ရန်နှင့် စည်းကမ်းရှိရန် လိုအပ်သည်။ “ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ် လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်က ပြောခဲ့ချင်တယ်” ဟူသော ဗိုလ်ချုပ်၏နောက်ဆုံး မိန့်မှာချက်သည် ယနေ့ထက်တိုင်လည်း မိမိတို့နိုင်ငံတွင် လိုအပ်နေဆဲသာ ဖြစ်ပါကြောင်း။ ။ မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်