နေပြည်တော် ဇူလိုင် ၁၄
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အ-ထ-က (၂၀) ကျောင်းဝန်း မြေနေရာ၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ခရေပင်ကို စိုက်ပျိုးပေးပြီး ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများ က အရိပ်ရအပင်များကို အသီးသီးစိုက်ပျိုးကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။
ယနေ့ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ပိတောက်၊ မဟော်ဂနီ၊ မယ်ဇလီ၊ စိန်ပန်းနီ၊ အောရီရှားနှင့် ယူကလစ် စုစုပေါင်းအပင် (၄၀၀) စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)