Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မြို့တော်စိမ်းလန်းစိုပြည်ရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများနှင့် ကိုဗစ်စင်တာ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲ တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တောင်ဒဂုံပန်းခြံ၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းပင်များကို စိုက်ပျိုးပေးသည်။

အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်းအင်အား ၁၀၀ ကျော်ဖြင့် စိန်ပန်းပင် ၁၂၂ ပင်နှင့် ငုဝါပင် ၅၀တို့ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဇွဲစုံချောင်းသို့ ရောက်ရှိပြီး ချောင်းအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်း နေမှုကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက် အင်းလျားရိပ်သာလမ်းရှိ အင်းလျားကန် ရေပိုလွှဲ Spill Wayနှင့် ရေထုတ်မြောင်း ရေထိန်း တံခါးများ ကြံ့ခိုင်မှုအခြေအနေနှင့် ရေထုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်း မြို့နယ် အင်းလျား ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးဇော်ဝင်း၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ ကုသရေးစင်တာတာဝန်ခံ ဦးစိုးရန်နိုင်နှင့် တာဝန်ရှိသူများကို စင်တာရုံးခန်းအတွင်း တွေ့ဆုံ၍ ကုသရေးစင်တာအတွက် လိုအပ်ချက်များ ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက်စင်တာအတွင်း Medical Team အနားယူနိုင်ရန် ပြင်ဆင်ထားသည့် အခန်းများ၊ Volunteer Team များအတွက် ပြင်ဆင်ထားသည့် အခန်းများ၊ PPEဝတ်စုံ ထားရှိမည့်အခန်းများ၊ Oxygen အိုး သိုလှောင်ခန်းများ၊ ကူးစက်လူနာများ နေထိုင်ရန် ပြင်ဆင်ထားသည့် အခန်းများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်