Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

 
နေပြည်တော် ဇွန် ၂၅
 
ဆောက်လုပ်ရေးဝန်ကြီးဌာန၏၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၂၀၁/၂ နှင့် ၂၀၁/၄) ကြား၊ နေပြည်တော်အဝင် (စီလမ်းဆုံ) ပရဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက သတ်မှတ် နေရာတွင် ကျွန်းပင်ကိုစိုက်ပျိုးပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးဦးမင်းထိန်၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုး ရေး ဦးစီးဌာနနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာ ချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ဒုတိယရဲတပ်ဖွဲ့ မှူးနှင့် ရဲဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင် (၂၀၀) နှင့် ပိတောက်ပင် (၁၀၀) ၊ မဲဇလီပင် (၅၀) ၊ စိန်ပန်းပင် (၅၀) စုစုပေါင်း ပျိုးပင်(၄၀၀) ကို စုပေါင်းစိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှု တို့ကို ကြည့်ရှုအားပေးသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်အရ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး လမ်းဘေး ဝဲ/ယာတွင် အမြဲစိမ်းပင်၊ အရိပ်ရပင်၊ လေကာ ပင်၊ ကျွန်းပင်နှင့် အခြားအပင်များ စုစုပေါင်း ( ၁၀၈၉၅ ) ပင်ကျော်နှင့် တစ်နိုင်ငံလုံးရှိ လမ်းမကြီး များ၏ လမ်းဘေး ဝဲ/ယာ၌ စိုက်ပျိုးရန် လိုအပ်သည့် နေရာများတွင် ( ၁၂၉၈၄၈ ) ပင်ကျော်ကို စီမံချက်ချ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)