နေပြည်တော် ဇွန် ၂၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန် ၂၀ ရက် နံနက် ၉ နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မိုးလုံ လေလုံအားကစားခန်းမ အမိုးနှင့်အခင်း ဆေးသုတ် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မီးပြန်လည်ပြုပြင်ပြီးစီးမှု ကိုလည်းကောင်း၊ မအူပင်မြို့နယ် ဘောလုံး အားကစားကွင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း၊ ပွဲကြည့်စင် တည်ဆောက်ပြီးစီးနေမှုလုပ်ငန်းများ၊ အလေးမအားကစားရုံ ပျက်စီး ယိုယွင်း နေမှုများကို လည်းကောင်း၊ ဘတ်စကက်ဘောကွင်း၊ စားပွဲတင် တင်းနစ်ရုံ၊ ပိုက်ကျော်ခြင်း အားကစား ကွင်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းပြီး ပြန်လည်မွမ်းမံနိုင်ရေးအတွက် လိုအပ် သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် မိုးလုံလေလုံ အားကစားရုံကို ကြည့်ရှုစစ်ဆေး၍ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်နံရံများ ပြန်လည် ပြုပြင်ရေးကိစ္စရပ်များ၊ မြို့နယ်ဘောလုံးအားကစား ကွင်း မြေဖို့ပြုပြင်ရန် လိုအပ်သည့်ကိစ္စရပ်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူ မြို့နယ် ပြည်သူ့အားကစားဘောလုံးကွင်း၊ မြို့နယ် အားကစား ခန်းမတို့ကိုလည်းကောင်း၊ ဇလွန်မြို့နယ်ဘောလုံးအားကစားကွင်း၊ မြို့နယ်အားကစားခန်းမ တို့ကိုလည်းကောင်း၊ ဟင်္သာတခရိုင်အားကစားကွင်း၊ ဟင်္သာတမြို့နယ်ဘောလုံးအားကစားကွင်း၊ ဟင်္သာတ မြို့နယ် အားကစားခန်းမ တို့ကိုလည်းကောင်း၊ ကျုံပျော်မြို့နယ် အားကစားကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ ကွင်းအတွင်း ငါးရိုးရေ စစ်မြောင်းထည့် သွင်းခြင်း၊ ကွင်းပတ်လည် မြောင်းအဖုံးပါ အုတ်ရေမြောင်းပြုလုပ်ခြင်း၊ ကွင်းအတွင်း သဲ/ဖွဲပြား ခြောက် လက်မဒု (တစ်လက်မ Camber)ကွင်းညိုခြင်းလုပ်ငန်း တည်ဆောက်နေမှု၊ ကျုံပျော်မြို့နယ် အားကစားခန်းမ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပြီးစီးမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ် ချက်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ညနေ ပိုင်းတွင် ကန်ကြီးထောင့်မြို့နယ် မြို့နယ်ဘောလုံး အားကစားကွင်း အုတ်တံတိုင်းကာရံထားရှိပြီးစီးမှု အခြေအနေနှင့် မိုးလုံလေလုံ အားကစားခန်းမကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်