Skip to main content

ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် မီးလောင်ဆုံးရှုံးခဲ့သော စက်ရုံ ၂၄ ရုံမှ မော်တော်ယာဉ်များနှင့် စက်ရုံအာမခံ ကိစ္စရပ်များ ကူညီဆောင်ရွက်

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် မတ်လအတွင်း မီးလောင်ဆုံးရှုံး ခဲ့သော စက်ရုံများ၏ ပျက်စီးဆုံးရှုံးခဲ့သည့် မော်တော်ယာဉ်များ၊ စက်ရုံအာမခံ ကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရေး အစည်းအဝေးကို ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က မီးလောင်ဆုံးရှုံးသွားသည့် စက်ရုံများ၏ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီတို့ပူးပေါင်း၍ မကြာခဏဆိုသလို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံများ အမြန်ဆုံး ပြန်လည် ထူထောင်လည်ပတ်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များက တင်ပြထားသည့် ချေးငွေရရှိရေး၊ အခွန်ကင်းလွတ်ခွင့်ရရှိရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံ၏စီးပွားရေးအင်အားနှင့် ချင့်ချိန်၍ ဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဝိုင်းဝန်း ပူးပေါင်းတိုင်ပင် ဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်သွားသည့် စက်ရုံများ၏ မော်တော်ယာဉ်များ ပြန်လည်အစားထိုး တင်သွင်းရေး ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင် များဘက်မှလိုအပ်သည့် တင်ပြစရာများကို မြန်မြန်ဆန်ဆန် တင်ပြပေးစေလိုကြောင်း၊ ထို့အပြင် မီးလောင် ဆုံးရှုံးခဲ့သည့်စက်ရုံများ အာမခံရရှိရေး ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ အာမခံကုမ္ပဏီများနှင့် စဉ်ဆက်မပြတ် ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိရာ ရောက်ရှိနေသည့် အခြေအနေများကို တက်ရောက်လာသူများက အကြံပြုဆွေးနွေး စေလိုကြောင်း ပြောကြားသည်။ ။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်(၃) ဦးအောင်သန်းဦးက မီးလောင်ဆုံးရှုံးခဲ့သည့် စက်ရုံများ၏ မော်တော်ယာဉ်များ အမြန်ဆုံးပြန်လည် အစားထိုး တင်သွင်းနိုင်ရေးဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက် လျက် ရှိကြောင်း၊ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းများအတွက် အလေးအနက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆုံးရှုံးခဲ့သည့် စက်ရုံများ၏ ဖြစ်စဉ်များသည် မတူညီသည့်အတွက် သီးခြားစီ စဉ်းစားဆောင်ရွက်ပေး လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် စက်ရုံကိုယ်စားလှယ်များက မီးလောင်ဆုံးရှုံး ခဲ့သည့်စက်ရုံများ၏ အာမခံရရှိရေးနှင့် မော်တော်ယာဉ်များ အစားထိုး တင်သွင်းခွင့်ရရှိရေး လုပ်ဆောင် ရမည့်အချက်များကို မေးမြန်းကြရာ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများက အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် မတ်လအတွင်း စက်ရုံပေါင်း ၂၄ ရုံ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်