Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ အားကစားကွင်း အားကစားရုံများ ပြုပြင်အသစ်  တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ပရိသတ် ၂၁၀၀ ဆုံ ဖူဆယ် အားကစား ရုံ Multi Purpose အ ဆောက်အအုံ (၂၄၉ ပေ x ပေ ၁၉၀ x ၅၇ ပေ) ဆောက်လုပ်ပြီးစီးမှု၊ VIP ဝင်ပေါက် နှင့် Car Parking ဆောင်ရွက်ထားရှိမှု၊ အားကစားသမား အဝတ်လဲခန်းထားရှိမှု၊ ဖူဆယ်အားကစားရုံ ကာရံထားရှိမှု၊ မီးများတပ်ဆင်ထားရှိမှု၊ ကြမ်းခင်းများ ခင်းကျင်းရန် ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တာဝန် ရှိသူများက ဂျပန်အိုလံပစ်ပြိုင်ပွဲဝင်ရန် ဆောင်ရွက်ထားရှိမှု၊ ဗီယက်နမ် Paralampic ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (G to G) သွားရောက် ခွင့်ရရှိရေး၊ လက်ရှိ အားကစားစခန်း ထိန်းသိမ်း စောင့်ရှောက်ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းလိုအပ်ချက်များ၊ ရေကူးကန်နှင့် ပြေးလမ်းအကြီးစားပြုပြင် နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးရာ ဒုတိယဝန်ကြီးက စခန်းဝင်လေ့ ကျင့်လျက်ရှိသော မသန်စွမ်းအားကစား သမားများကို အားပေးစကား ပြောကြားကာ လုပ်ငန်း လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်လုပ်ငန်း ဆောင်ရွက်မှု ကိုလည်းကောင်း၊ သန်လျင်အားကစားရုံ(က)အဆင့် (ပေ ၁၂၀ x ပေ ၉၀) တည်ဆောက်နေမှုကို လည်းကောင်း၊ သန်လျင်သီဟဒီပ အားကစားကွင်း အဆင့်မြှင့်တင်ဆောက်လုပ် နိုင်ရေးလုပ်ငန်း ခွင်သို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သန်လျင် အားကစားကွင်းအတွင်းရှိ ရေကူးကန်အား ကြမ်းခင်းနှင့် လိုအပ်သည်များ ပြင်ဆင်ရန်ရေကူး ကန်အတွင်း သတ်မှတ်ချက်နှင့်အညီ ရေသန့်စင်မှုကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ကျိုက္ကဆံကွင်းအတွင်းရှိ ဘတ်စကက်ဘောအားကစားရုံ အဆင့်မြှင့်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အားကစားရုံ၊ အမျိုးသား၊ အမျိုးသမီးအိပ်ဆောင်နှင့် စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်