Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မော်လိုက်ရေအားလျှပ်စစ် စီမံကိန်းနှင့် ဒေါင်းရွေး ပင်မဓာတ်အားခွဲရုံစီမံကိန်းတို့သို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန်  ၁၉

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် စစ်ကိုင်းတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အထက်ဘက်()မိုင်ခန့်အကွာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားဆောင်ရွက်မည့် မော်လိုက်ရေအား လျှပ်စစ်စီမံကိန်းကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လိုက်ရေအားလျှပ်စစ် စီမံကိန်း ဆောင်ရွက်မည့် နေရာသို့ ရောက်ရှိပြီး တာဝန်ရှိသူများက မော်လိုက်ရေအားလျှပ်စစ် စီမံကိန်းနှင့် မဏိပူရ်ရေအားလျှပ်စစ် စီမံကိန်းတို့၏ စီမံကိန်းဆိုင်ရာများကို ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီးက ယခု မော်လိုက်ရေအားလျှပ်စစ် စီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်မြို့၏ အထက်ဘက် ()မိုင်ခန့်အကွာ ချင်းတွင်းမြစ်ပေါ်တွင် ကျောက်ဖြည့်တမံ တည်ဆောက်၍ စက်တပ်ဆင်အင်အားမဂ္ဂါဝပ် (၁၀၀)ရှိ ဓာတ်အားပေး စက်(၈)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် (၈၀၀)ကို ထုတ်လုပ်ပေးနိုင်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၀၀)ထုတ်လုပ်နိုင်မည်ဟု ပဏာမလေ့လာ စူးစမ်းမှုအရ တွေ့ရှိရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးနိုင်သည်အထိ အဆင့်ဆင့် ဆက်လက်စူးစမ်း လေ့လာဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ထို့ပြင် မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းသည်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ကလေးမြို့ ကမ္ဘားနီတံတားအထက်ဘက် (၂.၅)မိုင်အကွာ မဏိပူရ်မြစ်ပေါ်တွင် ကျောက်ဖြည့်တမံ တည်ဆောက်ပြီး စက်တပ်ဆင် အင်အား(၉၅)မဂ္ဂါဝပ်ရှိ ဓာတ်အားပေး စက်(၄)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ်(၃၈၀)ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင် တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၉၀၃) သန်း ထုတ်လုပ်ပြီး နိုင်ငံတော် ဓာတ်အား စနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ကို စိစစ်တွေ့ရှိရသဖြင့် ၎င်းစီမံကိန်းများ တည်ဆောက် အောင်မြင်ပါက ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အနီးဆုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အသေးစိတ်စူးစမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း မှာကြားခဲ့ပြီး ပင်မတမံ ဆောက်လုပ်ရန် လျာထားနေရာအား ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် တာဝန်ရှိသူများက ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် စနစ်တကျကိုင်တွယ် အသုံးပြုရေးတို့အား အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)