Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ MRTV က မေးမြန်းသည့် မေးခွန်းနှင့် အဖြေများ

မေး(၁) ။ ။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူးချောင်းကျေးရွာ အလယ်တန်းကျောင်းသူ ၂ ဦးကို တပ်မတော်သားအချို့က မုဒိမ်းကျင့်လို့ ကျောင်းမှာသေဆုံးသွားတယ်လို့ Social Media Facebook စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို သိလိုပါတယ်။

ဖြေ(၁) ။ ။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာနေ အလယ်တန်း ကျောင်းသူ ၂ ဦး တပ်မတော်သားအချို့က မုဒိမ်းကျင့်လို့သေဆုံးတယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာမှာ မဟုတ်တမ်းတရား ရေးသားနေတာတွေ့ ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ လည်း သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီကျော်မှာ မစုမယ်ဆန်း (၁၂နှစ်) နဲ့ မသဇင်ခိုင် (၁၂နှစ်)တို့၂ ဦးဟာ စာသင်ခန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာလဲကျသွားတယ်။ လဲကျသွားတာကို ကျောင်းသား ၁ ဦးက မြင်ပြီးတော့ ကျောင်းအုပ်ဆရာမကြီးထံ သွားပြောတယ်။ ကျောင်းအုပ်ဆရာမကြီး သွားပြီး ကြည့်တဲ့အချိန်မှာ မသဇင်ခိုင်က စာသင်ခန်းအတွင်း စာရေးစားပွဲဘေးမှာ လဲကျနေပြီးတော့ မစုမယ်ဆန်းကတော့ နံရံမှီလျက်အနေအထားဖြင့် လဲကျနေတာကို တွေ့ရတယ်။ ထူးခြားတာက သူတို့ ၂ ဦး ပါးစပ်မှာ အမြှုပ် အနည်းငယ်ထွက်နေတာကို တွေ့ရတယ်။ ကျောင်းအုပ် ဆရာမကြီး နဲ့ သားဖွားဆရာမတို့က သနပ်ပင်မြို့၊ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ခဲ့ပေမယ့် နံနက် ၉ နာရီ မိနစ် ၂၀ မှာ အဲဒီကျောင်းသူ ၂ ဦးဟာ သေဆုံးသွားခဲ့ပါတယ်။

ဒီကျောင်းသူ ၂ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဆေးရုံကြီး မှုခင်း ဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးချက်တွေ အရ အစာအဆိပ်သင့် သေဆုံးကြောင်း ကနဦးသိရှိရပြီးတော့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်း စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ထူးခြားမှုရှိရင် ဆက်လက် ထုတ်ပြန်ပေးပါ မယ်။

မေး(၂) ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနဲ့ မိသားစုများအား လုံခြုံရေး အပြည့်အဝရရှိစေရန် တပ်တွင်းမိသားစုဝင်များနဲ့ သွားရောက်ပူးပေါင်းကာ နေထိုင်သင့်ပြီ ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေမှလွဲ၍ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများရဲ့ ခွင့်ပြုချက် မရဘဲ တပ်ပြင်သို့ထွက်ခြင်း မပြုလုပ်ကြရန် မြဝတီရုပ်မြင်သံကြားမှ သတိပေးကြေညာချက် ထုတ်ပြန်ထားတဲ့ သတင်းအမှန်ကို ဖြေကြားပေးစေလိုပါတယ်။

 ဖြေ(၂) ။ ။ သတင်းကြေညာချက် ထုတ်ပြန်မှုမရှိပါ။ လုပ်ကြံသတင်းဖြစ်ပြီး ဒီသတင်းဓာတ်ပုံဟာ လည်း အခြားသတင်းကြေညာမှုကို ဖြတ်ညှပ်ကတ်လုပ်ပြီး သတင်းမှားဖြန့်ချိနေတာ ဖြစ်ပါ တယ်။