Skip to main content

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ခဲ့သည့် ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၊ ပတ်သက်ဆက်နွယ်သူတို့၏ ဝန်ခံပြောကြားချက်နှင့် ရွာခံ သက်ကြီး အဘွားနှစ်ဦးအား ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပြောကြားချက် များ

နေပြည်တော် ဇွန် ၁၈

၂၀၂၁ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲ ရေးပစ္စည်းများနှင့် လက်လုပ်သေနတ်များ ပြုလုပ် ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီး အရောက်၌ လက်နက်ကိုင် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သူများနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြေကြမ်းတော ကျေးရွာ အုပ်စု၊ ဂျူပ်ချောင်းလေး ကျေးရွာတွင် ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှ သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သူ တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ အဆိုပါ ကျေးရွာရှိ သန်းထိုက် (၃၃) နှစ် (ဘ) ဦးသာဇံ ၏ နေအိမ်၌ ချစ်မောင်မောင် (၂၂) နှစ် (ဘ) ဦးမောင်ဦး၊ ချောင်းဆုံကျေးရွာ၊ ကင်းမကျေးရွာအုပ်စု၊ ပေါက်မြို့နယ်နေသူအား ဝဲဘက်ဒူးခေါင်း တွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သူ စိုးဝင်းကျော် (၃၆) နှစ် (ဘ) ဦးကြည်မောင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် နေသူအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ချစ်မောင်မောင်သည် ကင်းမကျေးရွာ PDF တွင်ပါဝင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ကြောင်း စိုးဝင်းကျော်၏ ထွက်ဆိုချက်အရသိရှိရပြီး စိုးဝင်းကျော် မှာမူ PDF အဖွဲ့ဝင်များကို ထောက်ပံ့ကူညီ အားပေးခဲ့သူဖြစ်ကြောင်းနှင့် ကင်းမ ကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကို ယခုလို ကြားသိရသည်။

ပေါက်မြို့နယ်၊ ကင်းမကျေးရွာနေကင်းမကျေးရွာ PDF အဖွဲ့ဝင် ချစ်မောင်မောင်၏ ဝန်ခံထွက်ဆိုချက်

ကင်းမရွာက နေအိမ်တွေ မီးလောင်ရတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ မီးလောင်မှုဖြစ်ပွား တဲ့နေ့က ၁၅.၆.၂၀၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲလောက်မှာ ကျွန်တော် မွေးမြူထားတဲ့ ဆိတ် တွေကို ကင်းမရွာတောင်ဘက် ကိုက် ၂၀၀ လောက်ဝေးတဲ့တောထဲမှာ ထွက်ကျောင်းနေတဲ့ အချိန် ကင်းမရွာနဲ့ ကိုက် ၂၀၀ ကျော်လောက်ဝေးပြီး ကင်းချောင်းရဲ့ အရှေ့ဘက် တောင်ကုန်း တောင်တန်းတွေပေါ်မှာ ပေါက်ကွဲသံတွေ ကြားရပါတယ်။ သေနတ် ပစ်ဖောက်သံတွေလည်း ကြားရပါတယ်။

ကျွန်တော်တို့ရွာရဲ့ အနောက်ဘက် ၃ မိုင်လောက်ဝေးတဲ့ တောင်တန်းပေါ်မှာ ဒေသခံ PDF အဖွဲ့တွေ ပုန်းခိုနေတယ်။ ပြီးတော့ အဲဒီအဖွဲ့တွေနဲ့ လုံခြုံရေး အဖွဲ့တွေ ကင်းချောင်းရဲ့ အရှေ့ ဘက်မှာ အပြန်အလှန် ပစ်ခတ်တယ်လို့သိရပါတယ်။ ရွာသူ၊ ရွာသားတွေကလည်း ရွာမှာ မနေရဲတော့ဘဲ တောင်ပေါ်မှာရှိတဲ့ လျှိုတွေနဲ့ နီးစပ်ရာ ရွာတွေမှာ ပုန်းရှောင်နေကြပါတယ်။ ညနေ၂နာရီခွဲလောက်မှာ တောထဲမှာထားခဲ့တဲ့ ဆိတ်အုပ်က ပြန်လာတာတွေ့လို့ ဘုရားရှေ့လမ်း ကနေ ကင်းမ အ.ထ.က ကျောင်းထောင့်ရဲ့ အနောက်ဘက်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဆိတ်ခြံထဲကို ပြန်မောင်းထည့်ဖို့ သွားခဲ့ပါတယ်။ ရွာထဲကလမ်းတွေ မှာတော့ လုံခြုံရေးအဖွဲ့တွေ ရောက်နေတာ မတွေ့ခဲ့ ရပါဘူး။ ရွာအရှေ့ဘက် ကိုက် ၅၀၀ လောက်မှာရှိတဲ့  ကင်းချောင်းဘေး တောင်ကုန်း တောင်တန်းတွေ ပေါ်မှာ ရှိနေတယ်လို့ သိရပါတယ်။

ကျွန်တော် ဘုရားကုန်းအပေါ် ရောက်တဲ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် လောက်မှာ ဘုရားကုန်းရဲ့ တောင်ဘက် ကိုက် ၂၀၀ ကျော်လောက်မှာရှိတဲ့  ကိုအောင်တင်ဝင်းရဲ့ အိမ်မှာ မီးခိုးလုံးတွေ ထွက်နေတာကို ကျွန်တော့်ဖုန်းနဲ့ ဗီဒီယိုဖိုင် ၃ ဖိုင်လောက်ရိုက် ဖြစ်ခဲ့ပါတယ်။ လူတွေကတော့ မတွေ့ ဖြစ်ခဲ့ပါဘူး။ PDF အဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကင်းချောင်းရဲ့ တစ်ဖက်ကမ်း ကို ကူးလာအောင် မီးရှို့တယ်လို့ထင်ပါတယ်။ မီးခိုး မီးတောက်တွေ အရှိန်နဲ့ထွက်လာပြီး ၁၀ မိနစ်လောက်အကြာမှာ ဘုရားကုန်းရဲ့ အရှေ့ဘက် ကိုက် ၅၀၀ လောက်မှာရှိတဲ့ လုံခြုံရေး အဖွဲ့တွေက လမ်းလျှောက်လာတာကို တွေ့ရပြီး ကျွန်တော်လည်း တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ် တော့မယ်ထင်ပြီး ဘုရားကုန်းရဲ့ တောင်ဘက် စောင်းတန်းအတိုင်း ထွက်ပြေးခဲ့ပါတယ်။

ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်နေ ကင်းမကျေးရွာ PDF အဖွဲ့ဝင်များအား ထောက်ပံ့ကူညီ အားပေးခဲ့သူ စိုးဝင်းကျော်၏ ဝန်ခံထွက်ဆိုချက်

ဆိပ်ဖြူမြို့နယ်မှာနေတဲ့ အောင်တေဇာစိုးက ပေါက်မြို့နယ် ကင်းမကျေးရွာမှာ ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ တွေ ဖွဲ့စည်းထားကြောင်းနဲ့ ကင်းမရွာသို့ အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နောက် ၃ ရက်လောက်အကြာမှာ အောင်တေဇာစိုးနဲ့ တွေ့ဆုံခဲ့ကာ ကင်းမရွာကို သွားရောက်ခဲ့ပြီး အောင်တေဇာစိုး မိတ်ဆက်ပေးလို့ ကင်းမရွာအုပ်ချုပ်ရေးမှူး ဟောင်း ဦးဌေးအောင်နဲ့ သိကျွမ်းခဲ့ပါတယ်။ ဦးဌေးအောင်က ကင်းမကျေးရွာ ကျေးရွာ ကာကွယ်ရေး PDF အဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း ကူညီနိုင်ရင် ကူညီပေးပါလို့ပြောသဖြင့် တတ်နိုင်သလောက်  ကူညီပါမယ်လို့ ပြောခဲ့ပါတယ်။

၈.၆.၂၀၂၁ ရက်နေ့မှာ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ မွှေး၊ သွားတိုက်ဆေးတို့ကို ဦးဌေးအောင်ထံ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ၁၅.၆.၂၀၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ ဦးဌေးအောင်က ဖုန်းဆက်လာပြီး ရွာမှာတိုက်ပွဲဖြစ်လို့ PDF တပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာ ရသွားတယ်၊ အဲဒါ မကွေးကို  ပို့ဖို့ကူညီပေးပါလို့ ပြောပါတယ်။ လူနာကို လာခေါ်ပေးပါလို့ ပြောပါတယ်။ ၁၆ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဆိပ်ဖြူမြို့ နာရေးကူညီမှု အသင်းက ကားကို သွားရောက်အကူအညီတောင်းခံ ငှားရမ်းပြီး သွားရောက်ခေါ်ခဲ့ပါတယ်။ လူနာကို ကျွန်တော့်ကားနဲ့ တင်ခေါ်လာပြီး အောင်တေဇာစိုး ပြောပြချက်အရ ဆိပ်ဖြူမြို့နယ် နေအိမ် တစ်ခုမှာ  ပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့သူကို ပို့ပေးခဲ့ပြီး ကျန်နေခဲ့တဲ့ ဦးဌေးအောင် ထံ သူကိုင်တဲ့ ဖုန်းနံပါတ် ၀၉-၂၆၅၀၂၈၅၁၁ ကို လူနာပို့ဆောင် ပြီးကြောင်း ဆက်သွယ် ပြောဆိုခဲ့ပါတယ်။ ဖုန်းပြောပြီး ဦးဌေးအောင်က ကင်းမကျေးရွာမှာ PDF တပ်ဖွဲ့ဝင် အင်အား ၁၀ ယောက်နဲ့ ဖွဲ့စည်းထားခဲ့ရာမှ အခု တပ်ဖွဲ့ဝင်ဦးရေ ၂၆ ဦးထိ တိုးလာပြီး တူမီး သေနတ်၊ လက်လုပ်သေနတ်နဲ့ မောင်းပြန်သေနတ် တွေ တပ်ဆင်ပေးထားကြောင်း သိရှိရပါတယ်။

၁၅.၆.၂၀၂၁ ရက်နေ့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာထိပ်ကို ရောက်ရှိစဉ်၎င်း PDF တပ်ဖွဲ့ဝင် များက သေနတ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ကြပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ရွာထဲသို့ မဝင်နိုင်ဘဲ ရွာပြင်ကပဲ ပြန်လည်ပစ်ခတ်ခဲ့လို့ အခုကျွန်တော် ဆိပ်ဖြူကို ပို့ပေးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်က ရွာမှာမီးဘယ်လို လောင်တာလဲ လို့မေးရာ ဦးဌေးအောင်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှို့သွားသယောင်ယောင် ထင်ယောင် ထင်မှားဖြစ်စေရန် ၎င်းတို့ PDF တပ်ဖွဲ့ကပဲ တပ်ဆုတ်ရင်း ရွာအတွင်းရှိ နေအိမ်တစ်အိမ်ကို စတင်ရှို့ရာမှ အခြားအိမ်များကို ကူးစက်လောင်သွား ခြင်းမျိုးဖြစ်ကြောင်း၊ မီးလောင်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွာပြင်မှာရှိနေတဲ့အကြောင်း သိရှိ ခဲ့ရပါတယ်။ အခုလည်း လုံခြုံရေးတပ်နဲ့ ရဲတွေလာရင် တိုက်ခိုက်နိုင်ဖို့ PDF တပ်ဖွဲ့ဝင် ၂၆ ဦးနဲ့ ရွာရဲ့ အနောက်ဘက် တောင်တန်းမှာ လက်နက်များ အသင့် ကိုင်ဆောင်ပြီး စောင့်ဆိုင်းနေကြောင်းကို ဦးဌေးအောင်မှ ပြောပြသိရှိခဲ့ရပါတယ်။

အကြမ်းဖက်သမားများ၏ ကင်းမကျေးရွာ မီးရှို့ဖျက်ဆီးခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပိတ်မိနေသော အသက် ၈၃ နှစ်အရွယ်ရှိ ဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်ရှိ ဒေါ်စိန်တို့အား မီးလွတ်ရာဘုန်းကြီးကျောင်းသို့ ကိုယ်တိုင်ကူညီ ကယ်ဆယ် ပို့ဆောင်ပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုများကိုလည်း ယခု ကဲ့သို့ ကြားသိရပါသည်။

ကင်းမကျေးရွာမီးလောင်မှုဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခဲ့သူ ဒုတိယရဲအုပ် လျာဇူးမောင်၏ ပြောကြားချက်

ပေါက်မြို့နယ်၊ ကင်းမကျေးရွာအုပ်စု၊ ကင်းမကျေးရွာမှာ လက်လုပ်မိုင်းနဲ့ လက်လုပ်သေနတ် တွေ ပြုလုပ်ရောင်းချနေကြောင်း၊ ဒီလက်လုပ်သေနတ်နဲ့ လက်လုပ်မိုင်းတွေကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးဟောင်း ဦးဌေးအောင်နဲ့ NLD ရပ်/ကျေး စည်းရုံးရေးမှူး ဦးအောင်ဌေးတို့က ငွေကြေးထောက်ပံ့နေတဲ့အကြောင်းကို ကျွန်တော် သတင်းစုံစမ်း ဖော်ထုတ်ရရှိခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ၁၃.၆.၂၀၂၁ ရက်နေ့ ည ၁၂ နာရီလောက်မှာ ဦးစိန်မောင်ရဲ့ နေအိမ်ကို  ကျော်မင်းနိုင်ပါ အမည်မသိ အမျိုးသား သုံးဦးက လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးစိန်မောင်နဲ့ ကိုမင်းမင်းစိုးတို့ ဒဏ်ရာများရရှိခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ကျော်မင်းနိုင်ကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ လက်လုပ်မိုင်းတွေက ကင်းမ ကျေးရွာက ရရှိ တယ်ဆိုတဲ့ သတင်းကို ကျွန်တော် ဆက်လက်စုံစမ်း ဖော်ထုတ်ရရှိခဲ့တဲ့အတွက် ၁၄.၆.၂၈၂၁ မှာလည်း ကြံ့ခိုင်ရေးပါတီဝင် ရပ်/ကျေး စည်းရုံးရေးမှူး ဦးခင်မောင်ချင်းကို PDF ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးခင်မောင်ချင်းကို နေအိမ်မှာ မတွေ့တဲ့အတွက် ဇနီးကိုဖမ်းဆီး သွားခဲ့ပါတယ်။ အဲဒီနေ့ည ၈ နာရီခွဲလောက်မှာ ဖုန်းနဲ့ ဆက်သွယ်ပြီး သတင်းပေးပို့ တိုင်ကြားလာခဲ့ တယ်။ ဒါကြောင့် ၁၅.၆.၂၀၂၁ ရက်နေ့မှာ ဒီသတင်းကို အတည်ပြု စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ကင်းမကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ခဲ့ပါတယ်။ နံနက် ၁၀ နာရီခွဲ လောက်မှာ ကင်းမကျေးရွာ ရွာအဝင် ဆိုင်းဘုတ်အနီးကို ရောက်ရှိခဲ့ပြီး PDF အဖွဲ့ဝင်တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရွာထဲကို ဝင်ရောက်နိုင်ခြင်းမရှိအောင် ၎င်းကျေးရွာတောင်ကုန်းထိပ်ကနေ လက်ပစ်ဗုံးများ၊ သေနတ် များနဲ့ ဝိုင်းဝန်းပစ်ခတ်တဲ့အတွက် ကျွန်တော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်။

ဒါ့ကြောင့် ကျွန်တော်တို့ ရွာထဲကို ဆက်လက် ဝင်ရောက်နိုင်ခြင်းမရှိဘဲ မွန်းလွဲ ၂ နာရီခွဲလောက် မှာ စစ်ကူလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဆက်လက်ရှင်းလင်းတဲ့ အခါမှာ PDF အဖွဲ့ဝင် တွေက ကျောင်းအနောက်ဘက်မှာရှိတဲ့ အိမ်ကို မီးရှို့ပြီး ဘုန်းကြီးကျောင်းရဲ့ အနောက်ဘက် တောင်ကုန်းပေါ်ကို ဆုတ်ခွာသွားခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အတူ ရွာထဲကို ဝင်ရောက်ရှင်းလင်းပြီး ဘုန်းကြီးကျောင်း အနောက်ဘက် တောင်ကုန်းပေါ်ကို ဆက်လက်ရှင်းလင်းခဲ့ကြတယ်။ ညနေ ၅နာရီခွဲ အချိန်လောက်မှာ ရွာထဲကို ပြန်ပြီးဆင်းလာ ခဲ့တယ်။ ဆင်းလာခဲ့တဲ့ အချိန်မှာ မီးကလည်း အရှိန်နည်းနည်း လျော့နေပါပြီ။ လျော့နေတဲ့ အတွက် ရွာထဲမှာရှိတဲ့၊ တွေ့ရှိခဲ့တဲ့ သက်ကြီးရွယ်အိုများ အဘွား ဒေါ်ထွားစိန်နဲ့ အဘွား ဒေါ်ခင်စုတို့ကို ကျွန်တော်တို့ စာသင်ကျောင်းရဲ့ လွတ်တဲ့မြေကွက်ပေါ်ကို ကယ်ထုတ်လာ ခဲ့တယ်။ ညနေ ၆ နာရီလောက်မှာ နယ်မြေထူးခြားမှု ရှိမရှိ ဆက်လက်စုံစမ်းပြီး ထူးခြားမှု မရှိတော့တဲ့အတွက် ကင်းမကျေးရွာက ထွက်ခွာလာခဲ့ကြတယ်။

ကင်းမရွာ မီးလောင်မှုဖြစ်စဉ်တွင် အဘိုးအဘွားများအား ကယ်တင်ခဲ့သူ ရဲတပ်သားမြတ်ထွန်း၏ ပြောကြားချက်

ကျွန်တော်ကတော့ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးက လ ၂၅၉၃၂၉ ရဲတပ်သား မြတ်ထွန်း ဖြစ်ပါ တယ်။ ဇွန် ၁၅ ရက် ပေါက်မြို့နယ်၊ ကင်းမရွာမှာ PDF နဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်နေကြောင်း သိရပါတယ်။  ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးနဲ့အတူ ကျွန်တော်ကယာဉ်တင်လုံခြုံရေး ဆောင်ရွက်ရင်း ရဲတပ်ဖွဲ့ (၃၅) နဲ့အတူ ၁ နာရီခွဲအချိန်တွင် ပေါက်မြို့နယ်၊ ကင်းမရွာသို့ သွားရောက်ခဲ့ပါတယ်။ ၄ နာရီမှာ ပေါက်မြို့နယ်၊ ကင်းချောင်းကို ကျွန်တော်တို့ ရောက်ရှိပါတယ်။ ကျွန်တော်တို့ရောက်ရှိ တဲ့အချိန်မှာ ကင်းမရွာ မီးလောင်နေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော် တို့လည်း ကင်းချောင်းမှ တပ်ဖွဲ့ဝင်တွေ လျှောက်လာခဲ့ရာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြား  ထဲမှာ ပေါက်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တွေဟာ အသင့်နေရာယူနေတာကို တွေ့ရှိရတယ်။ ရွာမှာ လည်း မီးတအားလောင်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း ချက်ချင်းဝင်ဖို့ အဆင်မပြေပါ ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ခေတ္တစောင့်နေပါသေးတယ်။ မီးအရှိန်တဲ့အချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင် သုံးဦးဟာ အဲဒီရွာထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်တဲ့ အချိန်မှာ မီးလောင်နေတဲ့ အိမ်ဘေးက အဘွားအို တစ်ယောက် တဘက်အနီလေးပတ် တောင်ဝှေးနဲ့ လမ်းလျှောက်နေတာ ကို တွေ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း အဘွားအိုရှိတဲ့ လမ်းဘက်ကို သွားပြီး အဘွားအို သွားခေါ်ပါတယ်။ အဘွားအိုကို သွားခေါ်ရာမှာ ကျွန်တော့်သူငယ်ချင်း ရဲတပ်သား တွေနဲ့အတူ သွားခေါ်တာပါ။

အဘွား ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ပါ၊ ရွာထဲမှာ မီးလောင်နေတယ်။ အဘွား ကျွန်တော်တို့နဲ့ မလိုက်ရင် မီးလောင်နေတဲ့ အထဲပါမှာစိုးလို့ ကျွန်တော်တို့နဲ့  လိုက်ခဲ့ပါလို့ ကျွန်တော်ခေါ်ရာမှာ အဘွားက ငြင်းပါတယ်။

အဲဒါနဲ့ ကျွန်တော်လည်း အဘွားမီးလောင်တဲ့အထဲ ပါမှာစိုးလို့ အဘွားကို ကုန်းပိုးပြီးတော့ စာသင်ကျောင်းလမ်းအတိုင်း ခေါ်လာပါတယ်။ ခေါ်လာတဲ့အချိန် စာသင်ကျောင်းရဲ့ လမ်းတစ်ဖက်မှာ တိုက်အိမ် အသစ်လေး ရှိပါတယ်။ တိုက်အိမ်အသစ်လေးရဲ့ အောက်ထပ်မှာ အဘွားကို ကျွန်တော်တို့ ထားပေးခဲ့ပါတယ်။

ကင်းမရွာ မီးလောင်မှု ဖြစ်စဉ်တွင် အဘိုးအဘွားများအား ကယ်တင်ခဲ့သူ ရဲတပ်သား ထက်ဦးနိုင် ၏ ပြောကြားချက်

ကျွန်တော်ကတော့ အမှတ် (၃၅) လုံခြုံရေး ရဲတပ်ဖွဲ့ ရဲတပ်သား ထက်ဦးနိုင် ဖြစ်ပါတယ်။ ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်မှာ ကျွန်တော်အပါအဝင် အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ ခွဲမှ ဒုရဲအုပ် ရာဇာကို ဦးစီး ၁+ ၁၆ ဦးဟာ နယ်မြေလုံခြုံရေး ဆောင်ရွက်ဖို့အတွက် ပခုက္ကူ ခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ ပူးပေါင်းဖို့ ကျွန်တော်တို့ ကားနှစ်စီး ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့ ပေါက်မြို့ နယ်၊ ကင်းမရွာကို ညနေ ၄ နာရီခွဲအချိန်လောက်မှာ ရောက်ရှိပါတယ်။ ကျွန်တော်တို့ရှေ့က ရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်များရဲ့ ပြောပြချက်အရ သူတို့အဖွဲ့နဲ့ PDF အဖွဲ့ တိုက်ပွဲ ဖြစ်ပွားနေ တယ်။ PDF အဖွဲ့က မနိုင်တဲ့အတွက် ရွာကိုမီးရှို့ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ကျွန်တော်တို့အဖွဲ့နဲ့ ရှေ့ကရောက်ရှိနေတဲ့ အဖွဲ့ ပူးပေါင်းပြီး ကျေးရွာထဲမှာ PDF အဖွဲ့ ရှိ/ မရှိ  ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ အိမ်တစ်အိမ်ထဲက လူညည်းသံကို ကြားခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့အဖွဲ့ အိမ်ထဲကို ဝင်ဖို့ကြိုးစားတဲ့အခါမှာ တံခါးတွေက သွပ်ကြိုးတွေနဲ့ လုပ်ထား တာကြောင့် ကျွန်တော်တို့လည်း သွပ်ကြိုးတွေကို ဆွဲဖြုတ်ပြီး အိမ်ထဲမှာ အသက် ၈၀ ကျော် လောက်ရှိပြီး လမ်းမလျှောက်နိုင်တဲ့ အဘွားတစ်ယောက်ကို တွေ့ တယ်။ ကျွန်တော်နဲ့ အတူ ပါတဲ့ သူငယ်ချင်းတွေက အဘွားရဲ့ အထုပ်တွေ၊ ခေါင်းအုံးတွေ၊ ဖျာတွေကိုယူပြီး မီးလွတ်ရာကို ပြေးသွားတယ်။ ကျွန်တော်ကတော့ အဘွားကိုပွေ့ပြီးမီးလွတ်ရာစာသင်ကျောင်းရဲ့ ရှေ့က တိုက်အိမ်လေးကို ကျွန်တော်တို့ သွားထားခဲ့တယ်။ ညနေ ၆ နာရီခွဲ အချိန်လောက်ရောက်တော့ မီး ကလည်း ငြိမ်စပြုလာပြီ ကျွန်တော်တို့လည်း ကင်းမ ရွာက ထွက်လာခဲ့တယ်။

ဖမ်းဆီးရမိသူ စိုးဝင်းကျော်၏ ထွက်ဆိုချက်အရကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့သူမှာ ၎င်းကျေးရွာ၏ကျေးရွာကာကွယ်ရေး PDF အဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များ သာဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဖမ်းဆီးရမိထားသူ စိုးဝင်းကျော်နှင့် ချစ်မောင်မောင်တို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့မှုနှင့် ကျေးရွာအား မီးရှို့မှုဖြစ်စဉ်များတွင် ပူးပေါင်းပါဝင် ပတ်သက်သူ အောင်တေဇာစိုး၊ ကင်းမကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်းဖြစ်သူ ဌေးအောင်နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်