Skip to main content

စည်းကမ်းသည် နိုင်ငံ၏ဂုဏ်ဒြပ်၊ လူ၏တန်ဖိုး

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သလို နိုင်ငံ၏ဂုဏ်ဒြပ်ဖြစ်သည်ကို စည်းကမ်းရှိသော နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်မှုအဖုံဖုံ၊ စိတ်ချမ်းမြေ့မှု အသွယ်သွယ်တို့က သက်သေညွှန်းဆိုပြနေ ပေသည်။ စည်းကမ်းမရှိလျှင် ပရမ်းပတာဖြစ်ပြီး လူတို့၏ စိတ်နှလုံး ညစ်ညူးနောက်ကျိကာ တိုင်းပြည်နိုင်ငံလည်း ကျက်သရေမင်္ဂလာ တင့်တယ်ဖွယ်ရာများနှင့် ကင်းဝေးနေမည်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံတိုင်းတွင် လူတို့သည် သတ်မှတ်ထားသည့်အတိုင်း စည်းကမ်းတကျ နေထိုင်ကြ ရပြီး စည်းကမ်းလိုက်နာခြင်းအကျိုးကို အများပြည်သူတို့ ခံစားကြရသည်။ စည်းကမ်းလိုက်နာ ခြင်းသည် မတရားပြုလုပ်ခြင်းမဟုတ်ဘဲ အများပြည်သူအားလုံး စိတ်နှလုံးချမ်းမြေ့စေရန် အတွက်ဖြစ်သည်။ ဤသည်ပင် ဒီမိုကရေစီ၏တန်ဖိုး၊ နိုင်ငံ၏ဂုဏ်ဒြပ်၊ ပြည်သူတို့၏ခံစားခွင့် အခွင့်အရေးဖြစ်သည်။ သာဓကအားဖြင့် ယာဉ်စည်းကမ်းနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၉/၂၀၂၁)တွင် မှာကြားခဲ့သည်။

ယနေ့အချိန်အခါတွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပြည်သူများ အဆင်ပြေစေရေးအတွက် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်ဖောက်ကား၊ စီးနင်းမှုများကို ခွင့်ပြုပေးထားရာမှ ဖြေရှင်းရန်မလွယ်ကူသော အခြေအနေများ ဖြစ်လာခဲ့သည်။ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ထိထိရောက်ရောက် ဟန့်တားရန်လိုအပ်လာသည်။ ပြီးခဲ့သည့် ကာလက တရားမဝင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။ လိုင်စင်မဲ့ယာဉ်များကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးတွင် ကျိုးပေါက်မှုများ မကြာခဏ ဖြစ်ပေါ်လာခဲ့သည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ စီစီတီဗွီမှတ်တမ်းများတွင် နံပါတ်မပါသည့် မော်တော်ဆိုင်ကယ်များ၊ နံပါတ်ပါသော်လည်း မော်တော်ဆိုင်ကယ်အချို့တွင် နံပါတ်အတုများဖြစ်နေသည်။ ထို့ကြောင့် ဥပဒေချိုးဖောက်သော ယာဉ်များအား အရေးယူရေး၌ အခက်အခဲများရှိလာခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း၌ မော်တော်ဆိုင်ကယ်စီးနင်းခွင့် မပြုဘဲ စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင်သာ စီးနင်းခွင့်ပြုထားသည်။ ယခုအခါ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အချို့သည် လိုင်စင်အတုများ၊ နံပါတ်ပြားအတုများ ပြုလုပ် စီးနင်းနေကြသည်ကို တွေ့ရသည်။ ထိုသို့ပြုလုပ်မှုကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်း ဆောင်ရွက်ရေးနှင့် လုံခြုံရေးတွင် အခက်အခဲများရှိနေခြင်းဖြစ်ရာ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် လိုအပ်လာသည်။

ပြည်ပနိုင်ငံအချို့မှ မော်တော်ယာဉ်နံပါတ်ပြားများတွင် မော်တော်ယာဉ် “အမျိုးအစားအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အလိုက် အက္ခရာများ သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုကဲ့သို့ပင် စီစဉ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တရားမဝင်မော်တော်ယာဉ်များကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ မော်တော်ယာဉ် လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးခြင်းဆောင်ရွက်ပါက နံပါတ်ပြား အသစ်များ ပြောင်းလဲတပ်ဆင်ရမည်ဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ တရားမဝင်ဝင်ရောက်နေမှုကြောင့် တိုင်းပြည်အတွက် အခွန်ငွေများစွာနစ်နာပြီး တရားဥပဒေစိုးမိုးရေးတွင် ထိခိုက်နစ်နာလျက်ရှိသည်။

တရားမဝင်လမ်းကြောင်းမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဝင်ရောက်နေသော ကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် အခွန်ဝင်ငွေများ လျော့နည်းကျဆင်းနေသည်။ တရားမဝင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့ဖြင့် ဥပဒေချိုးဖောက်မှုများကို ပြုလုပ်လာကြသည်။ အစိုးရသည် ရရှိသည့်အခွန်ဝင်ငွေများဖြင့် ပြည်သူအားလုံး၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်နေသည်။ ထို့ကြောင့်အခွန်အခများ အပြည့်အဝ ရရှိအောင် ဆောင်ရွက်သွားကြရန် လိုအပ်သည်။ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့ သာမက ကုန်ပစ္စည်းများအားလုံးနှင့်ပတ်သက်၍ တရားမဝင်တင်ပို့မှု၊ တင်သွင်းမှုနှင့် သုံးစွဲမှုများ ကို ဥပဒေစည်းကမ်းနှင့်အညီ ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။ ။