ရောဂါကူးစက်မှုနှုန်း၊ ပြင်းထန်မှုနှုန်းနှင့် သေဆုံးမှုနှုန်းကို ပိုမိုမြင့်မားသည့် မျိုးရိုးဗီဇကွဲကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ခံထားရသူများကို တွေ့ရှိရကြောင်း ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန် ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများကို ကလေးမြို့၊ မြိတ်မြို့၊ မန္တလေးမြို့၊ တမူးမြို့၊ ရန်ကုန်မြို့တို့တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ရာ မြန်မာနိုင်ငံ အနောက်ဖျားမှ တောင်ဖျားသို့ တစ်နံတစ်လျားဖြစ်နေပြီး လူနေအထူထပ်ဆုံး၊ ကူးသန်းသွားလာ မှု အများဆုံးနှင့် အလွယ်တကူအလျင်မြန်ဆုံး မြို့ကြီးနှစ်မြို့ဖြစ်သည့် မန္တလေးနှင့်ရန်ကုန်တို့ ပါဝင်နေကြခြင်းကလည်း အထူးဂရုပြုဖွယ်ပင်ဖြစ်သည်။
ယခုနှစ် မေလတတိယပတ်မှစတင်၍ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခြင်းအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဝင်ရောက်လာခြင်းအဖြစ် သတ်မှတ်ပြီး မျိုးရိုးဗီဇ အသွင်ပြောင်း ရောဂါ ပိုးကူးစက်မှုများပါ ပါဝင်လာခြင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု ပိုမိုလျင်မြန်မည်၊ ရောဂါဝေဒနာပိုမိုပြင်းထန်မည်၊ သေဆုံးမှုနှုန်း ပိုမိုများပြားမည်ဟု ခန့်မှန်းနိုင်သည်ဖြစ်ရာ မမေ့လျော့၊ မပေါ့ဆသောသတိဖြင့် မိမိကိုယ်ကိုယ် ပိုမိုကာကွယ်ကြရန် လိုအပ်လာသည်။ ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲများဖြစ်သည့် Alpha၊ Delta၊ Kappa တို့၏ မူလနိုင်ငံများမှာ အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်တို့ဖြစ်ပြီး မျိုးရိုးဗီဇကွဲများ ပေါင်းစပ်ခြင်းဖြင့် နောက်ထပ်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးသစ်များ ထပ်မံ ထွက်ပေါ် လာနိုင်သည်လည်းဖြစ်ရာ ကိုယ်တိုင်လည်း ကူးစက်မခံရ၊ သူတစ်ပါးကိုလည်း မကူးစက် စေရအောင် ဆင်ဆင်ခြင်ခြင်နေထိုင်ကြရန် အရေးကြီးသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် မာယာများတတ်သည့်အလျောက် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသေးဘဲ ကာလ အတိုင်း အတာတစ်ရပ်အထိ လူကောင်းပကတိသဖွယ် ရှိနေနိုင်ကြောင်းကိုလည်း သတိမူထားကြရန် လိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ ကာကွယ်ခြင်းကသာ အဓိကဖြစ်ပြီး ရောဂါကာကွယ် ဆေးထိုးနှံခြင်းနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ နေထိုင်ခြင်းတို့ကို လူတိုင်းက လေးလေးနက်နက်ကျင့်သုံးကြရန် ကြိမ်ဖန်များစွာ တိုက်တွန်းရမည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ထိုးနှံပေးလျက်ရှိသည့် အိန္ဒိယနိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ ၎င်းတို့၏နိုင်ငံ၌ ရောဂါကူးစက်မှု နေ့စဉ်သိန်းနှင့် ချီ၍ ကြောက်ခမန်းလိလိမြင့်တက်နေခြင်းကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုကို ရပ်ဆိုင်း လိုက်ရာ နောက်ထပ်ကာကွယ်ဆေးမရသေးမီ ကာလအတွင်း ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းက သာလျှင် ရောဂါကူးစက်မှုကို ရှောင်လွှဲနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
၂၀၁၉ ခုနှစ် နှောင်းပိုင်းက စတင်ပေါ်ပေါက်ခဲ့သည့် ကိုဗစ်-၁၉ သည် မိမိတို့နိုင်ငံသို့ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ဝင်ရောက်လာခဲ့ရာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလအထိ ကပ်ရောဂါ၏ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ ရိုက်ခတ်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ တစ်သိန်းခွဲခန့်နှင့် သေဆုံးသူ ၃ဝဝဝ ကျော်ကျော်ရှိခဲ့ပြီဖြစ်သည်။ မလိုအပ်ဘဲ ပြင်ပသို့ သွားလာမှုရှောင်ကြဉ်ခြင်း၊ လိုအပ်၍ ပြင်ပသို့သွားရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ကို စနစ်တကျ မကြာမကြာ ဆေးကြောခြင်း၊ လူစုလူဝေးကို ရှောင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေခွာ၍ နေထိုင်ခြင်းနည်းလမ်းတို့ကို မပျက်မကွက်ကျင့်သုံးခြင်းဖြင့် ကိုဗစ်- ၁၉ တတိယလှိုင်းကို ကာကွယ်နိုင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။