ရန်ကုန် ဇွန် ၁၈
(၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၄ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ် ခဲ့ပါကြောင်း၊ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ယခုဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အထူးဂရုပြု ကြရန်လည်း လိုအပ်ပါကြောင်း။
အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်မည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအပါအဝင် တက်ရောက်ကြသူများကို ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထား ဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်မရှိစေရန် ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟို ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုံခြုံရေးကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်နှင့် ဆပ်ကော်မတီများဖြစ်ကြသော အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်မှတ်တမ်း ပြုစုရေးဆပ်ကော်မတီ၊ လွမ်းသူ့ ပန်းခွေချ အလေးပြု အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီ၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ပြသရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှင်းလင်းတင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပမည့် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်များရုံး (ယခင်ဝန်ကြီးများရုံး) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ အနုပညာအထက်တန်းကျောင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သို့ သွားရောက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအတွင်း ကျင်းပပြုလုပ်မည့် ပထမအကြိမ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးနှင့် ပန်းချီ၊ ပန်းပုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကျောင်းသား /သူများ လေ့ကျင့် နေမှုများကို ကြည့်ရှုအားပေးစစ်ဆေးပြီး ဆရာ/ ဆရာမများ ၊ ကျောင်းသား/ သူများနှင့် တွေ့ဆုံ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)