နေပြည်တော် ဇွန် ၁၈
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် သပြေဝပင်မဓာတ် အားခွဲရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းရှင်းလင်းဆောင်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေး မှူး ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူတို့က စီမံကိန်းဆိုင်ရာများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင်စေရေးအတွက် ဆောလျင်စွာပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မဂ္ဂါဝပ်(၃၀) ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်ပြီး သြဂုတ်လတွင် ပထမအဆင့်အနေဖြင့် ၁၂ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေဝပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က ဓာတ်အားမပြတ်တောက်စေရေးနှင့် မိုးဦးကာလရောက်ရှိနေပြီဖြစ်၍ ဓာတ်အားစဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းများပေါ်၌ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်မှာ ပြည်သူများကို စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေးဖြစ်သဖြင့် မိမိတို့ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှ မိမိတို့၏တာဝန်ကို ကျေပွန်စွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေစွာ တာဝန်ထမ်းဆောင်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)