Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၈

Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်ပြန်လည် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါကမ္ဘာတစ်ဝန်း ကူးစက် ပြန့်ပွားမှုနှုန်းမြင့်မားလျက်ရှိပြီး ရောဂါကူးစက်သူ ၁၇၈ ဒသမ ၂ သန်းကျော်၊ ရောဂါကြောင့် သေဆုံးသူ ၃ ဒသမ ၉ သန်းကျော်ခန့် ရှိပြီဖြစ်သည်ဟုသိရှိရကြောင်း၊ အလားတူမြန်မာနိုင်ငံတွင် လည်း COVID-19 တတိယလှိုင်း အနေဖြင့်စတင်နေသည့် အနေအထားရှိနေပြီဖြစ်ပြီး အိမ်နီး ချင်းနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းများ ကြောက်ခမန်းလိလိ များပြားလျက် ရှိကြောင်း။

မိမိတို့နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသော်လည်း ဧပြီနှင့်မေလပိုင်းများတွင် လိုက်နာမှု တဖြည်းဖြည်းအားနည်းခြင်းကြောင့် ကူးစက်မှုများ တိုးမြင့်ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လပိုင်းမှစ၍ ကူးစက်မှုစတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအထိ ပထမလှိုင်းအဖြစ်သတ်မှတ်ခဲ့ပြီး ဩဂုတ်လမှစတင်၍ ၂၀၂၁ ခုနှစ် မေလအထိ ဒုတိယလှိုင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ မေလအစပိုင်းတွင် ကူးစက်မှုနှုန်းထားများ အနိမ့်ဆုံးအဆင့် အထိ ကျဆင်းခဲ့သော်လည်း မေလတတိယပတ်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်ဘက်မှစတင်၍ ကူးစက်မှုများပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ရောဂါပိုးမျိုးရိုးဗီဇများအား စစ်ဆေး ကြည့်ရာ မျိုးရိုးဗီဇအသွင်ပြောင်း ရောဂါပိုးကူးစက်မှုများပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရ ကြောင်း၊ အဆိုပါ မျိုးရိုးဗီဇအသွင်ပြောင်းရောဂါပိုးသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဖြစ်ပေါ်ခဲ့သည့်ကူးစက်မှုထက် မြန်နှုန်းမြင့်ပြီး ရောဂါပြင်းထန်မှုနှင့် ဆေးရုံတက်ရောက်ရမှုနှုန်း မြင့်မားသည်ဟု သတ်မှတ် ထားကြကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန် ၁၇ ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၄၆၇၆၈ ဦးရှိပြီး ရောဂါ ပျောက်ကင်းသူ ၁၃၃၃၄၆ ဦးနှင့် သေဆုံးသူ ၃၂၅၀ ဦး ရှိပြီဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ရောဂါပိုးတွေ့ရှိသူ ၁၀၁၇၂ ဦး ကုသမှုခံယူလျက်ရှိသည်ကို စာရင်းအရသိရှိရကြောင်း။

COVID-19 ရောဂါအား တစ်ဦးချင်းကအစ ကာကွယ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ပြင်ဆင်မှုကောင်းမွန်ခြင်း၊ ဆေးဝါးများစုံလင်မှုရှိခြင်း၊ အချိန်မီကုသမှုခံယူခြင်းများ ပြုလုပ်နိုင် မည်ဆိုပါက ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အကောင်းဆုံးနည်းမှာ ပြည်သူတစ်ဦးချင်းအလိုက် မိမိတို့အသိတရားဖြင့် မိမိကိုယ်တိုင် ကြိုတင် ကာကွယ်ခြင်း ပင်ဖြစ်သဖြင့် ပြည်သူများအား သတိပေးဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်နေရန် လိုကြောင်း၊ ယခုအခါကျောင်းများပြန်လည် ဖွင့်လှစ်ချိန်၌ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအနေဖြင့် COVID-19 စည်းကမ်းချက်များအတိုင်း စနစ်တကျ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါကူးစက်ခံရပါက အချိန်မီကုသမှုခံယူနိုင်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်သလို့ ၎င်းနှင့် ထိတွေ့ခဲ့သူများကိုလည်း အသိပေးခြင်းဖြင့် ကူးစက်မှုအန္တရာယ်ကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း။

COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ ထုတ်ပြန်ထားကြောင်း၊ အဆိုပါထုတ်ပြန်ချက်များအပေါ် ကဏ္ဍအလိုက် တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့်စနစ်တကျကြပ်မတ်၍ ညွှန်ကြားဆောင်ရွက်မည်ဆိုပါက ရောဂါ ကူးစက်မှုအား အထိုက်အလျောက် ထိန်းချုပ်နိုင်မည် ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ COVID-19 စည်းကမ်းချက်များအပေါ် ပြည်သူများလိုက်နာစေရေး တာဝန်ရှိသူများအနေဖြင့် အထူးအလေးထား ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်သည် နိုင်ငံသားအားလုံး စုပေါင်း ဆောင်ရွက်ရမည့် အမျိုးသားရေး လုပ်ငန်းတာဝန်ဖြစ်သည့် အားလျော်စွာ နိုင်ငံရေးလိုဘမပြည့် မှု၊ သဘောထားကွဲလွဲမှုများနှင့် တစ်ဦးချင်း ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဘေးဖယ်၍ အားလုံး ဝိုင်းဝန်း ဆောင်ရွက်မှသာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

မိမိတို့ကော်မတီဝင်များသည် လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့ကြုံရှိသူများဖြစ်သဖြင့် စနစ်တကျ ပေါင်းစပ် ဆောင်ရွက်မည်ဆိုပါက အရေးပေါ်ရောဂါထိန်းချုပ်မှု၊ ကာကွယ်ကုသမှု လုပ်ငန်းများ ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ် ဆေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှဝယ်ယူရန်အတွက် ဆေးအလုံးပေါင်း သန်း ၃၀ ဝယ်ယူရန် သဘောတူ စာချုပ်ချုပ်ဆိုထားသော်လည်း ၎င်းတို့နိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းများ မြင့်တက်လျက် ရှိသဖြင့် ကာကွယ်ဆေးရရှိမှုရပ်တန့်သွားခဲ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အနေဖြင့် COVID-19 ရောဂါ ကာကွယ် ဆေးများ ဝယ်ယူရရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တရားမဝင် သတင်းဌာနများနှင့် လူမှုကွန်ရက်များမှ ကောလာဟလ သတင်းမှားများအပေါ် ယုံကြည်မှုမရှိဘဲ သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များ အပေါ်၌သာ ယုံကြည်မှု ရှိစေရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် က Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းထားရှိမှုနှင့် ကော်မတီ၏လုပ်ငန်းတာဝန် (၁၁) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဗိုလ်မှူးချုပ် ကိုကိုလွင်တို့က ကမ္ဘာတွင် COVID-19 ရောဂါဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်သင့်သည့် အခြေအနေများ၊ အလုပ်သမားများနှင့် စက်ရုံအလုပ်ရုံများတွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ တိုင်းဒေသကြီးပြည်နယ်အလိုက် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် COVID-19 ရောဂါအစုလိုက်ဖြစ်ပွားမှု အခြေအနေများ၊  အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်  အခြေ အနေများ၊ COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း တိုးချဲ့ဆောင်ရွက်ခဲ့မှုများ၊ COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးမှုနည်းပညာအလိုက် ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ COVID-19 ရောဂါ ဖြစ်ပွားသည့်လူနာများအား ကုသမှုပေးခဲ့သည့် အစီအစဉ်များ၊ COVID-19 ရောဂါ ဖြစ်ပွားမှုအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ အသွားအလာ ကန့်သတ်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊  စေတနာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မ များ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ နယ်စပ် ဝင်၊ ထွက် ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်မှုများ၊ COVID-19 ရံပုံငွေရရှိမှုနှင့် သုံးစွဲမှုအခြေအနေ၊ နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံခြင်း၏ သက်ရောက်မှုများ၊  ရောဂါ ကာကွယ် ထိန်းချုပ်ရေးအထူး ဦးစားပေး ဆောင်ရွက်ရမည့် နေရာဒေသများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး သည်။

ယင်းနောက် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လက်တွေ့ဆောင်ရွက်ရန်လို ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော်လည်း တွေ့ကြုံရသည့် အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြား အသိပေးခြင်းများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထုတ်ပြန်ထားသည့် COVID-19 ရောဂါဆိုင်ရာ ထုတ်ပြန်ချက်များအား ပြည်သူအားလုံး လိုက်နာစေရေး သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်း များအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်