Skip to main content

ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ မြို့မဈေးကုန်းကျောင်းတိုက် ဦးစီးပဓာနမဟာနာယက ဆရာတော် ဘဒ္ဒန္တတေဇောသာရ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠာနပူဇာသဘင် အခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၁၈

ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ မြို့မဈေးကုန်း ကျောင်းတိုက်ကြီး ဦးစီးပဓာန မဟာနာယက၊ အဘိဓမ္မာသင်တန်းနည်းပြချုပ် ဆရာတော် ဘဒ္ဒန္တတေဇောသာရ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠာန ပူဇာသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ မြို့မဈေးကုန်းကျောင်းတိုက်၌ ကျင်းပသည်။

အဆိုပါ အန္တိမအဂ္ဂိဈာပနသာဓုကီဠာန ပူဇာသဘင်အခမ်းအနားသို့ နေပြည်တော်တိုင်း သံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းဆရာတော် ဘဒ္ဒန္တ ဣန္ဒာဝုဓအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ဆွေတော် မျိုးတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမ များနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက အနိစ္စာဝတသင်္ခါရာ စသော ၃ ဂါထာကို ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒာဝုဓ ထံမှ ဧည့်ရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် တိုက်အုပ်စာချ ဆရာတော်နှင့် တပည့်သံဃာတော်များက ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဂဏဝါစကစာချဆရာတော် ဘဒ္ဒန္တသုဇနကလည်းကောင်း၊ မြို့နယ်သံဃာ့နာယကအဖွဲ့က ပေးပို့ သည့် သံဝေဂဝမ်းနည်းကြောင်း သဝဏ်လွှာကို မအူပင်ကျောင်း ဆရာတော် ဘဒ္ဒန္တသောဘိတ ကလည်းကောင်း၊ ပျဉ်းမနားမြို့နယ် အဘိဓမ္မာပြန့်ပွားရေးအဖွဲ့၏ သံဝေဂ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဒေါ်စိန်မြင့်ကလည်းကောင်း ဖတ်ကြားပူဇော်ကြသည်။

ထို့နောက် မဟာဝိသုတာရာမ မြို့မဈေးကုန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဆရာတော်၏ ထေရုပ္ပတ္တိကထာကို ကျွန်းဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တထေရာဝံသက ဖတ်ကြားပူဇော်လျှောက်ထားသည်။

ယင်းနောက် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ရှစ်လုံးဘွဲ့ကဗျာဖြင့် ဓမ္မစကြာ ဝတ်အသင်းအဖွဲ့များက လည်းကောင်း၊ ကုသိုလ်တော်ရိပ်သာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇဋိလ ရေးစပ် သီကုန်းပူဇော် သော ပစ္ဆိမဝန္ဒနာ ရှစ်ဆယ်ပေါ်တေးထပ်ကို နိုင်ငံတော် ယဉ်ကျေးမှုအဖွဲ့က လည်းကောင်း၊ ပစ္ဆိမဝန္ဒနာဂါထာကို ဇေယျာသီရိမြို့နယ် စည်ပင်သာယာ ကျောင်းမှ ဘဒ္ဒန္တဣန္ဒာစက္ကကလည်းကောင်း အသီးသီး ရွတ်ဖတ်ပူဇော် ကြသည်။

ထို့နောက် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ နန္ဒဝံလမ်း၊ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် ဆရာတော် ဘဒ္ဒန္တသီရိကဥ္ဇနာဘိဝံသထံမှ ဓမ္မသံဝေဂကထာ တရားနာကြား၍ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ် ကူးတို့ဆိပ်ကျောင်းဆရာတော်ဘဒ္ဒန္တဝိလာသက မစ္ဆိမဝန္ဒနာ နောက်ဆုံးတောင်းပန်လွှာကို တပည့်ဒါယကာ၊ ဒါယိကာမများအား တိုင်ကြားပေး တော်မူ၍ အပြစ်ရှိကခွင့်လွှတ်တော်မူရန် နောက်ဆုံး တောင်းပန်ကန်တော့ကြသည်။

ထို့နောက် မဟာဝိသုတာရာမြို့မဈေးကုန်းကျောင်း ဆရာတော်ဘဒ္ဒန္တဝေပုလ္လက ဆရာတော်ကြီး အား စံကျောင်းမဏ္ဍပ်မှ ကရဝိတ်ဖော်တော်သို့ ကြွချီတော်မူပါမည့်အကြောင်း တောင်းပန် လျှောက်ထားသည့် အဘိယာစန နိမန္တနဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိတ်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး လောင်တိုက် တော်တည်ရှိရာ ပျဉ်းမနားမြို့ဟောင်း ဖောင်တော်ဆွဲစေတီတော် ဇာတ်ရုံကွင်းသို့ ပင့်ဆောင် ကြသည်။

ဆက်လက်၍ ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူ ပါမည့်အကြောင်း အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် အား လောင်တိုက်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော် ကြည်ညို ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့သည်။

သတင်းစဉ်