မန္တလေး ဇွန် ၁၈
မန္တလေးတိုင်း၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဝင်များအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူမျိုးဘာသာမရွေး လူသားများကြုံတွေ့ ခံစား နေကြသည့် ဆင်းရဲဒုက္ခများကို ကြက်ခြေနီ၏ ကျွမ်းကျင်မှုနယ်ပယ်များဖြင့် ကူညီဆောင်ရွက် ရန်၊ အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်သော စွမ်းရည်ပြည့်ဝသည့် ကြက်ခြေနီစေတနာ့ လုပ်ငန်း ရှင်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များကိုယ်စား မန္တလေးတိုင်းကြက်ခြေနီ တိုင်းတပ်ဖွဲ့မှူး (တာဝန်)ဦးကျော်ကျော်၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန် ရှိသူများက မြို့နယ်အလိုက်ဆောင်ရွက်နေမှုများနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို မိသားစုက ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ အလှူငွေကျပ် (၁၀) သိန်း၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီသို့ အလှူငွေ (၁၀) သိန်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီ အသင်းခွဲများသို့ တစ်မြို့နယ်လျှင် ငွေကျပ်(၁၀) သိန်းစီဖြင့် စုစုပေါင်းအလှူငွေကျပ်သိန်း (၉၀) ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)