နေပြည်တော် ဇွန် ၁၈
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့နိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ကာ ပိုမိုပြည်စုံသည့် ကလေး သူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လက်ရှိ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာဥပဒေပါ အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေရသည့် အခက် အခဲများအပေါ်မူတည်ပြီး ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတို့၏ အကြံပြုချက်များကို အလေးထားပြီး သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့် လျော်ညီ သလို မိမိတို့နိုင်ငံနှင့်လည်း လိုက်လျောညီထွေမည့် ဥပဒေတစ်ရပ်ဖြစ်ရန်လိုပါကြောင်း၊ အရေး ကြီးသော အချက်များကို ဥပဒေရေးဆွဲစဉ် သတ်မှတ်ထည့်သွင်း ပြဋ္ဌာန်းသွားရန်လိုမည် ဖြစ်ပါကြောင်း၊ မည်သည့် နိုင်ငံမဆို ဥပဒေများ ရေးဆွဲရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက်ကိုပါ ထည့်သွင်းရေးဆွဲရ မည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာများ တွင်သာ သတ်မှတ်ထားခြင်းသည် ပြည်သူများ နားလည်ရ ခက်ခဲမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မူလဥပဒေကို ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဥပဒေကို ပြန်လည်သုံးသပ်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် အကြံပြုတင်ပြလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ သက်ဆိုင်ရာ အခန်းများတွင် ပါဝင်သည့် အကြောင်းအရာများအပေါ် တက်ရောက်လာကြသူများက တင်ပြအကြံပြု ဆွေးနွေး ခဲ့ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) နှင့် ပတ်သက်၍ ပြင်ဆင်ရန်လိုအပ်သည့် ကဏ္ဍအလိုက်အချိန်ယူ ပြင်ဆင်သွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)