Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အသင်းအဖွဲ့ဝင် များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Central Command Center ခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ကောင်စီဝင်များ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်းမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက ပြဌာန်းပြီးသည့် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီဥပဒေနှင့်အညီ တိုင်းရင်းဆေးကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအချိန်သည် တိုင်းရင်းဆေးကောင်စီဖွဲ့စည်းရန်မှာ အရေးကြီးကြောင်း၊ ပုဂ္ဂလိကတိုင်းရင်းဆေးရုံ၊ ဆေးခန်းများ၊ တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ်သိက္ခာများ ထိန်းကျောင်းပေးရန်အတွက် ကောင်စီ၏အဓိက တာဝန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းများ အသင်းအနေဖြင့်လည်း ထုတ်လုပ်သူ အချင်းချင်းစုစည်းပြီး စည်းလုံးညီညွတ်စွာဖြင့် တိုင်းရင်းဆေးလောက တိုးတက်မြင့်မားရေး အတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ၇၀ ရာခိုင်နှုန်းသော ကျေးလက် နေပြည်သူများသည် တိုင်းရင်းဆေးဝါးများကို အဓိကအားထား အသုံးပြုနေကြသည့်အတွက် ဘေးဉပါတ်ကင်းသော၊ စစ်မှန်သော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီနာယကအဖွဲ့ဝင် ဦးအောင်မြတ်ကျော်၊ တိုင်းရင်း ဆေးကောင်စီအတွင်းရေးမှူး ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးနှင့် တက်ရောက်လာသော အသင်းအဖွဲ့ဝင်များက အထွေထွေဆွေးနွေး တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)