Skip to main content

ကျန်းမာဘဝလှပဖို့ ဆေးလိပ်ဖြတ်ကြပါစို့

လူ့သဘာဝ၊ လူ့စိတ်အရ ကောင်းမှုတွင် စိတ်သည် ပျော်မွေ့လေ့မရှိဘဲ မကောင်းမှုတွင်သာ စိတ်ပါ ဝင်စားလေ့ရှိကြသည်။ စိတ်၏စွဲလမ်းမှုကကြောက်စရာကောင်းလှသည်။ မကောင်းမှန်းသိပါ လျက် ငြိတွယ်လွယ်လွန်းလှသည်။ အသစ်အဆန်း တွေ့လျှင် စမ်းသပ်ကြည့်ချင်စိတ်က ခေါင်းထောင် လာသည်။ မကောင်းသောအလေ့အကျင့်မှာမူ မီးတောက်ပမာလောင်ကျွမ်းတတ်ပြီး အဆိပ်ပမာ အသက်ကို လွယ်ကူစွာ နုတ်ယူနိုင်စွမ်းရှိပေသည်။

လူငယ်များ၏ရန်သူ

စမ်းသပ်မှုသည် ပထမဦးဆုံးခြေလှမ်းဖြစ်ပါ သည်။ လူငယ်များ ဆေးလိပ်၊ ကွမ်းယာကိုတစ်ဖာ၊ တစ်ယာက စတင်သုံးစွဲကြသည်။ မစသင့်သော အစကနဦးလုပ်ရပ် ဖြစ်သည်။ ဆေးလိပ်၊ ကွမ်းယာ သည် လူငယ်များ၏ရန်သူဖြစ်သည်။ပညာရေး၏ ဆူးငြှောင့် ခလုတ် လည်းဖြစ်သည်။ တစ်ဖာတစ်ရှိုက် သည်ပြဿနာမဟုတ်သော်လည်း နေ့စဉ်ရက်ဆက် လာလျှင် ဘဝအတွက် ပြဿနာဖြစ်လာနိုင်သည်။ မသောက်ရ မနေနိုင်၊ မသုံးရ မစားနိုင် ဖြစ်သွားနိုင် သည်။ လူငယ်လူရွယ်ကလေးများ သတိကြီးကြီး ထားရှိသင့်သည်။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်များကို အဖျက်အမှောင့်ရန်သူပမာ သတ်မှတ်ရှောင်ရှား မှသာ မူးယစ်ကင်း စင်မြန်မာပြည်တစ်ခွင် ဖြစ်လာ ပါမည်။ ဆေးလိပ်၊ ကွမ်းယာမှတစ်ဆင့် ဖြစ်ပွားနေ သော ရောဂါများက တစ်နေ့တခြား များပြားလာ သည်။ မစည်ကားသင့်သည့် ဆေးရုံ၊ ဆေးခန်းတွင် ရောဂါဝေဒနာခံစားနေရသူများ ပြည့်နှက် နေသည်။ ဆေးလိပ်၊ ကွမ်းယာဒဏ်ကို အလူးအလဲခံရသူများ ၏ရင်ဖွင့်စကားသံကို နှောင်းလူတို့ သတိပြုသင့်ပေသည်။ အသက်နှင့်ရင်းပြီး လုပ်ဆောင်ခဲ့သည့် အပြု အမူအမှား၊ စိတ်အလိုလိုက်မှုအမှားများက နောက်ကျသွားခဲ့ပြီ ဖြစ်ပါသည်။ ပြန်လည်ပြင်ဆင် မရနိုင်သည့် ဝေဒနာဆိုးများဖြင့် အဓိပ္ပာယ်အပြည့် ရှိသော လောကကြီးကို နှုတ်ဆက်သွားကြသည်။ အဆိပ်သက်သက်သာဖြစ် ယနေ့ခေတ် ဆေးလိပ်၊ ကွမ်းယာသည် အဆိပ်သက်သက် သာဖြစ်သည်ဟု ဆိုချင်သည်။ ဆေးလိပ်တစ်လိပ် ဖော်စပ်နည်းကို မသိရှိကြ သော်လည်း လူကိုစွဲလမ်းစေသည့် ပစ္စည်းများစွာ ပါဝင်သည်ဟု တပ်အပ်သိရှိကြသည်။ ဈေးကွက်ဝင် ပစ္စည်းတစ်ခုဖြစ်ရေး စီးပွားရေးသမားအများစု ကြံဆထားသည်။ စီးပွားရေးအမြတ်ထွက်ရေး “ဘယ်သူသေသေ ငတေမာလျှင်ပြီးရော” စိတ်ဓာတ် မွေးမြူသည်။ ထို့အတူကွမ်းယာတစ်ယာကို လေ့လာ ကြည့်လျှင် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေး အချိုး အဆညီညီပါဝင်သည်။ ရှေးမြန်မာလူကြီးများက ကွမ်းယာတွင် ဆေးရွက်ကြီးထည့်ဝါးသည်။ ယနေ့ အချိန် ကွမ်းစားဆေးအမျိုးမျိုးပေါ်ထွက်လာပြီး နိုင်တီ တူး၊ နိုင်တီဖိုက်အစရှိသည့် ဆေးများကို အလွန်အကျွံ သုံးစွဲလာကြသည်။ နိုင်ငံခြားဖြစ် ကွမ်းစားဆေးများ သုံးစွဲခြင်းက ခံတွင်းရောဂါမျိုးစုံ ဖြစ်ပွားနိုင်ပေသည်။ ဆေးလိပ်ကွမ်းယာ သုံးစွဲသူတိုင်း၏ ခံတွင်းရနံ့မှာ သင်းကြိုင်၍ မနေနိုင်ပေ။ ခံတွင်းအနံ့ဆိုးခြင်း၊ သွားဖုံးနာခြင်း၊ သွေးယိုခြင်း၊ လျှာ၏ အရသာခံနိုင် စွမ်းအား ကျဆင်းစေခြင်း၊ ခံတွင်းအတွင်းအနာ များဖြစ်ခြင်း၊ သွားများ ပျက်စီး ခြင်းနှင့် ခံတွင်းကင်ဆာ ဖြစ်ပွားနိုင်ခြင်း အစရှိသောဝေဒနာများ ရရှိနိုင်သည်။ ဓာတုပစ္စည်းအသုံးပြုထားသည့် ဆေးလိပ်က အဆုတ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လည်း အနှေးနှင့်အမြန် ထိခိုက်နိုင်သည်။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုအလိုက်၊ အချိန်ကာလအလိုက် ဆေးလိပ်ဆိုး ကျိုးသက်ရောက်မှုက တိတိကျကျ ရောက်ရှိလာမည်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားပြဿနာ၊ သွားဖုံးပြဿနာ၊ မျက်စိ ပြဿနာ၊ အဆစ်အမျက် ရောင်ရမ်းကိုက်ခဲခြင်း ပြဿနာကဲ့သို့ ဝေဒနာအမျိုးမျိုး ခံစားရနိုင်သည်။ အဆုတ်ကင်ဆာကဲ့ သို့ထိတ်လန့်စရာ ကင်ဆာရောဂါ ဖြစ်ပွား နိုင်ခြေလည်းပိုများသည်။ ဦးနှောက်၊ နှလုံးအစိတ် အပိုင်းများ၏ လုပ်ဆောင်နိုင် စွမ်းကိုလည်း ကျဆင်းထိခိုက် စေနိုင်သည်။ ဆေးလိပ်၊ ကွမ်းယာကဘဝခွန်အားမဟုတ်ပေ။ အားကိုးယုံကြည်စရာလည်း မကောင်းပေ။ စိတ်၏ စွဲလမ်းမှုသက်သက်သာဖြစ်သည်။ စိတ်၏စွဲလမ်း မှုများကို ပယ်ဖျောက်ပြီး ကျန်းမာသောဘဝကို တည်ဆောက်ရာတွင် မိမိယုံကြည်ချက်က အဓိက ကျသည်။ ငါလုပ်နိုင်သည်။ ငါ့စိတ်ငါနိုင်သည် ဟူသော ယုံကြည်ချက်ရှိရန် လိုအပ်သည်။ ။ ဘေးထွက်ဆိုးကျိုးများလှသည့် ဆေးလိပ် သောက်ခြင်း၊ ကွမ်းယာဝါးခြင်းအမှုကိစ္စများကို ရှောင်နိုင်လျှင်ကောင်းလှပေသည်။ အပေါ်ယံအမြင် ဖြင့်ကြည့်လျှင်ပင် ကောင်းကွက်မရှိသည့် ဆေးလိပ်၊ ကွမ်းယာတို့ကို အစမလုပ်သင့်ပေ။ သွေးဆောင်ဖြားယောင်းတတ်သည့် အပေါင်း အသင်း သူငယ်ချင်းများကို ဝေးဝေးကရှောင်သင့် သည်။ဆေးလိပ်၊ ကွမ်းယာအစ အပေါင်းအသင်းက ဟု ဆိုနိုင်ပြန်သည်။ လူမှုပတ်ဝန်းကျင်တွင် အကောင်း၊ အဆိုး ဒွန်တွဲနေရာ အတုခိုးမှားလျှင် လမ်းမှားရောက်နိုင်သည်။ လူငယ်ထုအကြား ဆေးလိပ်၊ ကွမ်းယာလွှမ်းမိုးမှုပြဿနာ ကြီးထွား စေရန် ဝိုင်းဝန်းထိန်းသိမ်း အဖြေရှာကြရမည် ဖြစ်သည်။ ဆေးလိပ်တိုက်ဖျက်ရေး လုပ်ငန်း များကိုလည်း ပြည်သူတစ်ရပ်လုံးက ကျယ်ပြန့်စွာ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည် ဖြစ်သည်။ ဆေးလိပ်ဖြတ်နိုင်စွမ်း လူတိုင်း ဆေးလိပ်ဖြတ်နိုင်စွမ်းရှိပါသည်။ ရည်မှန်းကြိုးစားမှုတိုင်း အချည်းနှီးမဖြစ်နိုင်ပေ။ အစီအစဉ်တကျလုပ်ဆောင်သော အမှုကိစ္စတိုင်းအောင်မြင်နိုင်သည်။ ကြိုတင်ပြင်ဆင် အောင်ပွဲ မြင်ရလေ့ရှိသည်။ ကနဦးထားရှိရမည့်စိတ်မှာ ဆေးလိပ်ဖြတ်ချင် စိတ်ဖြစ်သည်။ ဆေးလိပ် ဖြတ်စဉ်ဖြစ်ပေါ်နိုင်သည့်အခြေအနေနှင့် စိတ်ခံစား ချက်ကို နားလည်ထားရမည်။ ဆေးလိပ်ဖြတ်လို သည့် အဓိကရည်ရွယ်ချက် ရှိရမည်။ အခြေခံ ဆေးလိပ်သောက်လိုစိတ်၏ အကြောင်းရင်း ဇာစ်မြစ်ကိုရှာဖွေရမည်။ ဆေးလိပ်သောက်ချင်စိတ် ကို ဇွဲရှိရှိတွန်းလှန်တိုက်ထုတ်ရမည်။ မိဘ မောင်နှမသားချင်းများ၏ အကူအညီများကို ရယူ နိုင်သကဲ့သို့ မိမိကိုယ်တိုင်လည်း စိတ်စွမ်းအား အပြည့် လုပ်ဆောင်ရမည်။ အရိုးစွဲနေသည့် ဆေးလိပ်၊ ကွမ်းယာစွဲလမ်းမှုက အားကြီးလျှင် အားကြီးသလောက် ဆေးလိပ်ဖြတ်ရန် အတား အဆီးဖြစ်စေသည်။ ဆေးလိပ်နံ့နှင့်ဝေးအောင်၊ကွမ်းယာဆိုင်နှင့်ဝေးအောင် နေထိုင်ချိန်များတွင် အနှောင့်အယှက်အမျိုးမျိုး ဝင်လာနိုင်သည်ကို သတိထားရှိရမည်။ စိတ်၏ခံနိုင်ရည်ကို မြှင့်တင် ပြီး ဆေးလိပ်သောက်လိုစိတ်ကို တားဆီးကြရ မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရ ပါသည်။ ။ ထက်ဝေအောင်(စစ်ကိုင်း)