နေပြည်တော်၊ ဇွန် - ၁၆
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင် ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေး အနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာ ကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ် လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန် စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားရသည့် ကျောင်းများကို လက်ရှိအချိန်တွင် အတိုင်း အတာ တစ်ခုအထိ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ကျောင်း များအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်း တည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်ကာလနှင့် လက်ရှိ သင်ကြားနေသည့်ကာလတွင် မိမိ တစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင် များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊ NUG ၊ CRPH နှင့် PDF စသည့်အဖွဲ့များသည် ပညာရေးဝန်ထမ်း များအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက အကြပ်ကိုင်ခြင်းများ အပြင် ကလေးငယ်များ ပညာသင်ကြား ရေးကို အခက်အခဲဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံး များဖြင့် ဖောက်ခွဲဖျက်ဆီး ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းများအပြင် ဆရာ၊ ဆရာမများကို စာပေ သင်ကြားမှု မပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက် ဒဏ်ရာ ရရှိခြင်းများသာမက အချို့ အသက် သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပြီး သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မိသားစု များနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။
မကောင်းမှု၊ မတရားမှုတို့ကို ပြုလုပ်ရမည့်အပေါ် ရှက်ခြင်း၊ ကြောက်ခြင်းဟူ သော ဟီရိ၊ ဩတ္တပ္ပတရားတို့အပေါ်၌ သာမန်လူတို့ထက်ပိုမိုသိရှိစောင့်ထိန်းတတ်သည့် ဆရာ၊ ဆရာမတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကြပ် အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ အနန္တောအနန္တဂိုဏ်းဝင် ဆရာဟူသည့် မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့် အညီ ကောင်းမွန်မြင့်မြတ်သည့် စိတ်ထား များဖြင့် နိုင်ငံ့အတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်း လာစေ ရေး ရှေးရှု၍ သင်ကြားရေးတာဝန် များကို မလစ်ဟင်းရအောင် အားကြိုးမာန်တက် ထမ်းဆောင်လျက် ရှိသည်ကို တွေ့ရှိရသဖြင့် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာ တတ်မြောက်ရေး၊ ပညာရည် မြင့်မားရေးအတွက် အခက်အခဲ မျိုးစုံကြားမှ သင်ကြားရေးတာဝန်များကို ကြိုးပမ်း ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်း လုံခြုံရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ