နေပြည်တော်၊ ဇွန် ၁၆
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီ ဝင်များဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ချေးငွေရယူထားသူများ၏ သုံးစွဲမှုအပေါ် စိစစ်ဆောင်ရွက် မှုများနှင့် ချေးငွေရယူထားသူများ၏ တင်ပြချက်ဆိုင်ရာ ကိစ္စများ၊ ပြန်လည်လည်ပတ်လာပြီဖြစ်သည့် စီးပွားရေး လုပ်ငန်း များနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီက ဆက်လက်ဆောင်ရွက်ပေးရန်ကိစ္စများ၊ မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့လာစေရေးစီမံချက် (Myanmar Economic Recovery Plan-MERP) (မူကြမ်း) ရေးဆွဲခြင်း ဆိုင်ရာ ကိစ္စများ၊ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီ သို့ တင်ပြလာသည့် အခက်အခဲကိစ္စရပ်များနှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြား သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေး အတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင် များက ပြန်လည်တင်ပြလာသည့် အချက်များ၊ ရှေ့ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)