Skip to main content

မျိုးရိုးဗီဇကွဲ COVID-19 ရောဂါပိုးများတွေ့ရှိမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၆-၂၀၂၁)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးရိုးဗီဇကွဲ COVID-19 ရောဂါ ပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအားလည်း အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၃-၆-၂၀၂၁)ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ Defence Service Medical Research Center မှစစ်ဆေးသည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ COVID-19 မျိုးရိုးဗီဇ ပြောင်းလဲသောပိုးတွေ့ရှိသူ (၁၁)ဦးရှိကြောင်း တွေ့ရှိရပြီး ကလေးမြို့တွင်(၁)ဦး၊ မြိတ်မြို့တွင်(၃)ဦး၊ မန္တလေးမြို့တွင်(၄)ဦး၊ တမူးမြို့တွင်(၂)ဦး၊ ရန်ကုန်မြို့တွင် ပြည်ပပြန်(၁)ဦး တွေ့ရှိကြောင်း သတင်း ရရှိပါသည်။

စစ်ဆေးချက်များအရ မျိုးရိုးဗီဇပြောင်းလဲသည့် Strain တွေ့ရှိမှုအနေဖြင့် Variants of Concern ဖြစ်သည့် Alpha (၂)ဦး၊ Delta (၅)ဦး၊ Variants of Interest ဖြစ်သည့် Kappa (၄)ဦး ဖြစ်ကြောင်းတွေ့ရှိရပြီး အဆိုပါပိုးများအား အဓိကမူလတွေ့ရှိသည့်နိုင်ငံများမှာ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် တွေ့ရှိရကြောင်း သိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ Variants of Concern ဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်တက်နိုင်မှု ရှိကြောင်း သုံးသပ်ထားပါသည်။ ထို့အပြင် COVID-19 ကာကွယ်ဆေးများအပေါ်တွင် တုံ့ပြန်မှုနှင့် ပတ်သက်၍ အချို့သောကာကွယ်ဆေးများ၏ အကျိုးအာနိသင် အားအနည်းငယ်လျော့နည်းနိုင် ကြောင်း သတင်းရရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်အား COVID-19 ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်း လမ်းညွှန်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးပါကြောင်း တိုက်တွန်း အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန