Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို အောင်မြေမန္တလာ အားကစားကွင်းနှင့် ဗထူးအားကစားကွင်းတို့အား ထပ်မံတိုးချဲ့ တည်ဆောက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေး ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် ယနေ့နံနက် ၈ နာရီခွဲတွင် အောင်မြေသာစံမြို့နယ် ၂၂ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ အောင်မြေမန္တလာ အားကစားကွင်းအတွင်း ထပ်မံတိုးချဲ့တည်ဆောက်နိုင်မည့် အခြေအနေကို လိုက်လံကြည့်ရှုသည်။

အဆိုပါ အောင်မြေမန္တလာအားကစားကွင်းမှာ ၉ ဒသမ ၁၄ ဧက ကျယ်ဝန်းပြီး  ထပ်မံတိုးချဲ့ တည်ဆောက်ပြီးစီးသွားပါက ပရိသတ် ၂၀၀၀၀ ခန့် ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ ဗထူးအားကစားကွင်းသို့ ရောက်ရှိပြီး    ဗထူးအားကစားကွင်းကို ခရိုင်အဆင့် အားကစားကွင်းအင်္ဂါရပ်များနှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် မြို့နယ်များရှိ အားကစားကွင်းများကို အားကစားကွင်းအဆင့်အတန်း နှင့်အညီ ပြုပြင်တည်ဆောက်သွားရန်၊ အားကစားကွင်းမရှိသည့် မြို့နယ်များတွင် အားကစား ကွင်းတည်ဆောက်နိုင်မည့် မြေနေရာရှာဖွေရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဗထူးအားကစားကွင်းသည် ၆ ဒသမ ၂၁ ဧက ရှိပြီး ထပ်မံတိုးချဲ့ တည်ဆောက်ပြီးစီးသွားပါက ပရိသတ် ၁၄၀၀၀ ခန့် ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)