Skip to main content

တိုင်းဒေသကြီး ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး တွဲဘက်၍ စီးပွားဖြစ်လုပ်ကိုင်နိုင်ရေး အားပေးကူညီသွားမည်

နေပြည်တော် ဇွန် ၁၅

တိုင်းဒေသကြီး ပြည်နယ်များရှိ ရေမြေအခြေအနေနှင့်ဆီလျော်သည့် ဒေသများတွင်လည်း မွေးမြူရေးဇုန်များ ဖော်ထုတ်လုပ်ကိုင်နိုင်ရေးကို အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ လွှတ်ကျောင်း မွေးမြူရေးစနစ်မှ စိုက်ပျိုးထုတ်လုပ်ပြီး မွေးမြူသည့်စနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် တိရစ္ဆာန်အစားအစာပင်များ လိုအပ်ကြောင်း ဇွန် ၁၃ ရက်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများ၊ ဒေသနေ တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကလုပ်ငန်းရှင် (၅၀)ကျော်ဖြင့် စုဖွဲ့ ဆောင်ရွက်နေသော ပေါင်းတည်မြို့ နတ်မော်ကျေးရွာရှိ တိုင်းရင်းကြက်မွေးမြူရေးခြံ၌ အစု အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သဲကုန်းမြို့ အောင်နိုင်သစ္စာ ကုမ္ပဏီများ အုပ်စု၏ အဆင့်မြင့်ဆန်စက်နှင့် ပေါင်းတည်မြို့ ပြည့်စုံအောင်မြင် အဆင့်မြင့် ပေါင်းဆန်စက်များတွင် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်နေသော ဆန်စက်လုပ်ငန်းရှင်များ၊ ဒေသနေတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့ပြင် ပြည်မြို့ လယ်ယာထွက်ကုန်ပစ္စည်း လက္ကားရောင်းဝယ်ရေး သမဝါယမ အသင်းအမှတ်(၃)လီမိတက်၏ ခေတ်မီပျိုးဗန်းဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများကို လည်းကောင်း၊ သဲကုန်းမြို့နယ် ချမ်းမြေ့ ငါးကုန်ထုတ် သမဝါယမအသင်းလီမိတက်၏ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွငါးများ ထုတ်လုပ်မှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ အကြံပြုဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီ စိုက်ပျိုးရေးသိပ္ပံ ကျောင်းပြန်လည်ဖွင့်လှစ်နေမှုနှင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ မွေးမြူရေး ဒီပလိုမာ သင်တန်းဖွင့်လှစ်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)