နေပြည်တော် ဇွန် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် သက်ဆိုင်သည့် ကော်မတီများ ပြန်လည်ဖွဲ့စည်းလျက်ရှိရာ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဆက်လက်ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ရပ်တန့်နေသည့် လုပ်ငန်းများ၊ သင်တန်းကျောင်းနှင့် အခြားရပ်နားထားသည့် လုပ်ငန်းများ ပြန်လည်စတင်ရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေပြီ ဖြစ်သည့်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် မူကြိုကျောင်းများကို မကြာမီပြန်လည်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအား ရပ်နားထားရာ စီမံချက်ရေးဆွဲလျက်ရှိပြီး ပြန်လည်၍ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လူမှုရေးပညာတက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရန် မြေနေရာရရှိထားပြီဖြစ်ပြီး သင်ရိုးညွှန်းတမ်းပြုစုရေး မိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အလိုက် စံပြမူလတန်းကြိုကျောင်းများ နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ရန် မြေနေရာရရှိရေး ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွား စေလိုကြောင်း၊ မသန်စွမ်းသူများ ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ အချက်အလက်မှားယွင်းမှု၊ စာရင်းထပ်နေမှုများ မဖြစ်အောင် ရရှိသည့်စာရင်းဇယားများကို Data Cleaning လုပ်ရန်လိုကြောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနရုံးချုပ်များအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ လူမှုရေးလုပ်ငန်းများနှင့် လူသားချင်း စာနာထောက်ထားကူညီမှုလုပ်ငန်းများတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ ဦးဆောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဦးစီးဌာနအလိုက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးရုံးများမှ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးကို ဇွန် ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)