Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

နေပြည်တော် ဇွန် ၁၅ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ ရုံးအမှတ် (၄၈) နှင့် လူမှုဖူလုံရေးရုံး ပတ်ဝန်းကျင်တို့၌ (၃)နေရာခွဲ၍ ကျင်းပသည်။ ရှေးဦးစွာ အလုပ်သမားရေးရာဆိုင်ရာ ရုံးအမှတ်(၅၁) သတ်မှတ်နေရာ၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ခရေပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ ပျိုးပင် (၈၀)ကို စိုက်ပျိုးပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအမှတ် (၄၈) သတ်မှတ်နေရာ၌ ရေတမာပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများက သစ်ပင်ပျိုးပင်(၂၉၀) ကျော်ကို စုပေါင်းစိုက်ပျိုးကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လူမှုဖူလုံရေးအဖွဲ့ရုံးသို့ သွားရောက်၍ သတ်မှတ် နေရာတွင် ကုက္ကိုလ်ပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၏ သစ်ပင်ပျိုးပင် (၄၀) စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှု အားပေးသည်။ ယနေ့ပြုလုပ်သည့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ကုက္ကိုလ်၊ ရေတမာ၊ တမာ၊ ကံ့ကော်၊ ယင်းမာ၊ မဟော်ဂနီ၊ မဥ္ဇူသက၊ အာသောက၊ ပနာမားငု၊ ထိုင်ဝမ်ဘန်ဒါ၊ မကျည်း၊ သရက်၊ ပိန္နဲ၊ မာလကာ၊ ကြောင်ရှာ၊ ဇီး၊ ဒန့်သလွန်၊ သနပ်ခါး၊ ယုဇန၊ ရွက်လှ စသည့် နှစ်ရှည်ပင်၊ စားပင်၊ သီးပင်၊ ပန်းအလှပင် စုစုပေါင်း သစ်ပင်ပျိုးပင် (၄၀၀) ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)