Skip to main content

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီထံ ပြန်လည်တင်ပြရမည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ သဘောထားမှတ်ချက်များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁၅ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ပြန်လည်တင်ပြရမည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ သဘောထားမှတ်ချက်များ (Recommendations)ကို ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တို့မှ အဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း၊ သို့ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ရန် တင်ပြခဲ့သည့် အဆိုပြုစာတွဲ (Nomination Dossier) အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC)မှ အကြံပြုထား သည့် ဆက်လက်ဆောင်ရွက်ရမည့် အချက် (၁၉)ချက်ပါရှိပြီး အဆိုပါအချက်များ၏ ဆောင်ရွက် ဆဲ/ဆောင်ရွက်မှု အခြေအနေများ၏ တင်ပြချက် အစီရင်ခံစာကို ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ (၁)ရက် နောက်ဆုံးထား၍ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ ပြန်လည်တင်ပြအစီရင်ခံနိုင်ရမည် ဖြစ်ပါကြောင်း။ အဓိက Bagan One Map လုပ်ငန်းကို နိုင်ငံတော်အဆင့် Project အဖြစ် ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်းပေးကြရန်နှင့် ပုဂံဒေသတွင် ဆက်လက် ဆောင်ရွက်ရမည့် ရေရှည်မဟာဗျူဟာ စီမံကိန်းလုပ်ဆောင်နိုင်ရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသည့်အခါ ဝိုင်းဝန်းကူညီပေးပြီး လိုအပ်သည့်အချက်အလက်များ ဖြည့်ဆည်းပေးရန် ပြောကြားသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနအကြီးအကဲများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ဆွေးနွေးကြကြောင်း သိရသည်။ (သတင်းစဉ်)