Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် သီးခြားစီတွေ့ဆုံ

နေပြည်တော် ဇွန် ၁၅ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်နှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ သည်။ တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး က ကျောက်မျက်ရတနာတူးဖော်ခြင်းလုပ်ငန်းနှင့် ဓာတ်သတ္တုများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အထူးအလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုအစီအစဉ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာလေ့လာ ဆန်းစစ်ချက်တို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူမှုရေး ဆိုင်ရာတာဝန်ယူမှု (Corporate Social Responsibility, CSR) များကိုလည်း အလေးအနက် ထားလိုက်နာ ပံ့ပိုးကူညီဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ Environmental, Social နှင့် Governance (ESG) တို့ကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်တို့နှင့်ပူးပေါင်း၍ ကျောက်မျက်နှင့် သတ္တုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးရန် အမြဲအသင့်ရှိကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အသင်းများမှ ဥက္ကဋ္ဌများနှင့် အသင်းဝင်လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)