Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြည့်ရှုအားပေး

မြစ်ကြီးနား ဇွန် ၁၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူ လျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ် ဆောင်ရွက်ရေး၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ်ဖြစ်ပေါ် လာစေရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဉီးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုဆွေးနွေး ပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကိုမေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၃ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက် ရှိသော ရာခိုင်နှုန်း ပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် KEP Logistics Co., Ltd ၏ ကုန်စည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် ကုန်စည် သိုလှောင်ရေးစခန်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု အားပေးပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်နေကြသည့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းရှင်များက တင်ပြသည့်အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ကူညီဆောင်ရွက် ပေးသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ သာစည် မြို့နယ်၊ သပြေဝကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကောင်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက် လျက်ရှိသော ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းဖြစ်သည့် Clean Power Energy Co.,Ltd ၏ IPP (BOD)စနစ်ဖြင့် မဂ္ဂါဝပ် ၃၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းသို့ရောက်ရှိခဲ့ပြီး ကုမ္ပဏီ၏ တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ပြီး ကုမ္ပဏီက တင်ပြသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)