Skip to main content

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လက်နက်ခဲယမ်းဝယ်ယူမှု၊ ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်မှုနှင့် စစ်သင်တန်းစေလွှတ်မှုတို့တွင် ညွှန်ကြားစေခိုင်းခဲ့သည့် သတင်းထုတ်ပြန်ချက်

နေပြည်တော် ဇွန် ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ စေခိုင်းချက်အရ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ပြီး လက်နက်ခဲယမ်း ဝယ်ယူရေး ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည့် ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်နှင့် ရွှန်းစိမ့်စိမ့် တို့အား မရမ်းကုန်းမြို့နယ်တွင် ၁၃-၅-၂၀၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ 

ငြိမ်းချမ်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ထွန်းအောင်ကျော်၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် ရွှန်းစိမ့်စိမ့်နှင့်အတူ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅)နယ်မြေတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ထို့အပြင် စစ်သင်တန်းတက်ရောက် လိုသူ ၈ ဦးကိုလည်း ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေသို့ ပို့ဆောင် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ၊ တတိယပတ်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ သိန်းနိုင် (တောင်ဒဂုံမြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)က လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် ၎င်း၏လူယုံ နေမျိုး(ခ)ချာလီ မှတဆင့် ငြိမ်းချမ်းထံသို့ ချိတ်ဆက်လာခဲ့ကြောင်း၊ အဆိုပါလက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် အမျိုးသားတစ်ဦး (စိစစ်ဆဲ)နှင့် သိန်းနိုင်တို့အား တရားခံ ၂ ဦးတို့က ချိတ်ဆက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သိန်းနိုင်သည် တောင်ဒဂုံမြို့နယ်တွင် အကြမ်းဖက်လုပ်ငန်း များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများအား စီစဉ်ဆောင်ရွက်နေသူဖြစ်ကြောင်းအား ၎င်း၏ လူယုံဖြစ်သူ နေမျိုး(ခ)ချာလီ၏ ပြောကြားမှုကြောင့် သိရှိခဲ့ရကြောင်း၊ ထို့အပြင် သိန်းနိုင်သည် တောင်ဒဂုံမြို့နယ်မှ လူငယ်အချို့အား စစ်သင်တန်း တက်ရောက်စေရန် နှင့် တောင်ဒဂုံမြို့နယ်တွင် ဖောက်ခွဲရေးသင်တန်းဖွင့်လှစ်ရန်အတွက် ငြိမ်းချမ်းထံသို့ ချိတ်ဆက်ခဲ့ဖူးကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဖောက်ခွဲဖျက်ဆီးမှုဖြစ်စဉ်များတွင် အဓိကညွှန်ကြားနေသူမှာ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG မှ တရားခံပြေး ရည်မွန်(ခ)တင်သစ် (NLD ပါတီ၏ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဟောင်း)ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ တရားခံပြေး ရည်မွန်(ခ) တင်သစ်နှင့် သိန်းနိုင်(NLD ပါတီ၏ တောင်ဒဂုံမြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း) တို့သည် လက်နက်ခဲယမ်းဝယ်ယူရန်၊ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ လူငယ်များအား စစ်သင်တန်းတက်ရောက်ရန် အတွက် အဓိကစီစဉ်ဆောင်ရွက်ပေးနေသူများ ဖြစ်ကြောင်း စိစစ်ဖော်ထုတ်သတင်း ရရှိသည်။