နေပြည်တော် ဇွန် ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ခွဲရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ယနေ့ကာလအထိ တပ်မတော်မှ နိုင်ငံတော် အာဏာကို ထိန်းသိမ်းထားရှိစဉ်အတွင်း နိုင်ငံအတွင်း ဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ရာ အေးချမ်းစွာ ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူဆန္ဒပြခြင်း၊ ၎င်းမှ အကြမ်းဖက်ဖြစ်စဉ်များသို့ အသွင်ပြောင်းလာကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုများ၊ ဒဏ်ရာရရှိမှုများ၊ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များမှ အဖျက်အမှောင့် လုပ်ငန်းမျိုးစုံ ဆောင်ရွက်လာနေမှုများ၊ နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရေးအတွက် လက်နက်စွဲကိုင်ပုန်ကန်လာမှုများနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက် နေမှုများကို တပ်ဖွဲ့ဝင်နှင့် မိသားစုများသို့ ချပြရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများ၊ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ တာဝန်ကျေပွန်စွာ ဆောင်ရွက်ရေး၊ မိမိတို့ တပ်ရင်း၊ တပ်ဖွဲ့ဂုဏ်သိက္ခာမကျဆင်းစေရေး တစ်ဦးချင်းတာဝန်ရှိပြီး အထက်အရာရှိများအနေဖြင့် တပ်ဖွဲ့အတွင်း မျှတစွာ ကွပ်ကဲ အုပ်ချုပ်ရေး၊ တပ်ဖွဲ့အတွင်း မိသားစု များ စည်းလုံးညီညွတ်စွာ နေထိုင်၍ ပြင်ပမှ သွေးခွဲမှု၊ ကောလာဟလဝါဒဖြန့်ချိမှုများကို ဂရုပြု ဆင်ခြင်သတိထားလိုက်နာ ဆောင်ရွက်ရေးနှင့် မိသားစုများ၏ သက်သာချောင်ချိရေး ကိစ္စရပ်များကို တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ်မှာကြား၍ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား အခြေခံ စားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ မိသားစုများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ မြို့တော်ခန်းမတွင် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီး၊ တိုင်းအုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့ပြီး တက်ရောက်လာကြသည့် အုပ်ချုပ်ရေးမှူးများက နယ်မြေဒေသ အခြေအနေနှင့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရသည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ချမှတ် ဆောင်ရွက်နေမှု၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ မြို့နယ် အသီးသီးတွင် မဲစာရင်းများ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ အစည်းများဖြင့် ပွင့်လင်းမြင်သာစွာ စစ်ဆေးမှုနှင့် တွေ့ရှိရမှု၊ နိုင်ငံတော်အား ဆန့်ကျင်ရေးကိုနည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည့် အခြေအနေ၊ အစွန်းရောက်အကြမ်း ဖက်အဖွဲ့အစည်း များ၏ လုပ်ရပ်မျိုးဖြင့် ပြည်သူလူထုမရွေး၊ နေရာဒေသမရွေးတွင် အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ထိုသို့ဆောင် ရွက်နေမှုများကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအဖွဲ့ အစည်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများ၏ လုံခြုံရေးကို တာဝန်ရှိသူ အသီးသီးအနေဖြင့် (ရဲဘော်ရဲဘက်စိတ်)အပြည့်အဝဖြင့် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေကြသည့် ဒေသခံပြည်သူများနှင့် သံဃာတော်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မှီခိုသူသားသမီး ၅၇ ဦးတို့ကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဆေးကုသမှုခံယူနေသူများအနက် မေ ၃၁ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အတွင်း၌ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့မှ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီး မော်တော်ယာဉ် မီးရှို့ခံခဲ့ရသဖြင့် အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် အသက်ဘေးမှ လွတ်မြောက်လာသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးကို သီးခြားထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)