လောကသဘောသဘာဝအရ သူတစ်ပါးအကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်လျှင် မိမိ၏ အကျိုးစီးပွားလည်း ပြန်လည်ဖြစ်ထွန်းလာမည်မှာ သေချာသည်။ တရားတော်၏ သဘောအရ တူသောအကျိုးပေးသည် မလွဲမသွေခံစားရမည်သာဖြစ်သည်။ နယူတန်၏နိယာမအရ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်။ ထို့ကြောင့် မိမိပြုလုပ်သော ကောင်းသော၊ ဆိုးသောအမှုတိုင်းအတွက် တူညီသော အကျိုးသက်ရောက်မှုရရှိမည်မှာ မလွဲဧကန်ဖြစ်သည်။
ကမ္ဘာပေါ်ရှိလူမျိုးတိုင်း၊ နိုင်ငံသားတိုင်းသည် မိမိတို့ယုံကြည်ရာ ကောင်းသော အယူဝါဒများနှင့် အညီ လိုက်နာကျင့်ကြံနေထိုင်ကြသည်။ ကောင်းသောအမှုကို ပြုလုပ်ကြသူတို့သည် ကောင်းသောအကျိုးပေးများ ခံစားနေကြရသည်ကို တွေ့မြင်ရမည်။ မကောင်းသောအမှုကို ပြုလုပ်ကြသူများသည် မကောင်းသော အကျိုးပေးများကို ခံစားနေကြရသည်။ “ဘယ်သူမပြု မိမိအမှု”ဆိုသကဲ့သို့ မိမိတို့ ပြုလုပ်ခဲ့သော ကောင်းခြင်း၊ မကောင်းခြင်း အမှုအတိုင်းပင် တူညီစွာ ပြန်လည် ခံစားနေကြရခြင်းဖြစ်သည်။ သာမန်အမြင်အားဖြင့်ဆိုလျှင် မိမိတို့ပြုလုပ်ခဲ့သော အကြောင်းကိုမမြင် အကျိုးပေးရလဒ်ကိုသာမြင်ကြခံစားကြရသည်။ အမှန်တကယ်အားဖြင့် ဆိုလျှင် မိမိပြုလုပ်ခဲ့သော အကျိုးရလဒ်သည် အကျိုးပေးချိန်တန်သည့် အခါတွင် မလွဲမသွေ ခံစားကြရသည်။
အကျိုးပေးချိန်မတန်သရွေ့ ကောင်းသောအလုပ်၊ မကောင်းသောအလုပ် ပြုလုပ်နေသရွေ့ အကျိုးမပေးသေးချေ။ အကျိုးပေးချိန်တန်လျှင် ကောင်းသောအကျိုး၊ မကောင်းသော အကျိုး တို့ကို မလွဲမသွေခံစားကြရသည်။ ထိုခံစားကြရသည်များမှာ မည်သူကမျှ ပြုလုပ်ခဲ့သည်မဟုတ်၊ မိမိကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း၏ အကျိုးပေးကို ခံစားကြရခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း၊ လူမျိုးတိုင်းသည် မိမိတို့ဆိုင်ရာဆိုင်ရာ မင်္ဂလာတရားများနှင့်အညီ ကျင့်ကြံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် များသောအားဖြင့် ဗုဒ္ဓဘာသာတရားကို အခြေခံသောနိုင်ငံ ဖြစ်၍ (၃၈)ဖြာ မင်္ဂလာတရားများနှင့်အညီ ကျင့်သုံးနေထိုင်သင့်သည်။
(၃၈)ဖြာ မင်္ဂလာတရားများကို ရှေးအစဉ်အဆက် ယနေ့ထက်တိုင် လူတိုင်း လူတိုင်း နားလည် သိရှိထားကြသည်။ မိမိတို့သည် သာမန်ပုထုဇဉ်လူသားများဖြစ်၍ အမှား အမှန်တို့ကို သိရှိကြ သော်လည်း မကောင်းမှုတို့၌ တိမ်းညွတ်လွယ်ကြသည်။ လိုက်ပါသွားတတ်သည်။ မိမိကိုယ်မိမိ ကောင်းအောင်နေထိုင်သော်လည်း မကောင်းမှုနောက်သို့ လိုက်ပါသွားတတ်သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က မင်္ဂလာတရားတော်၏အစတွင် (၁) “အသေ၀နာစ ဗာလာနံ” နှင့် (၂) “ပဏ္ဍိတာနဉ္စ သေဝန၁” ကို ဟောတော်မူသည်။ လူသားအားလုံး ဦးစွာသတိပြုသင့်သော အချက်များပင်ဖြစ်သည်။
(၁) “အသေဝနာစ ဗာလာနံ” လူမိုက်တို့ကို မဆည်းကပ်ရခြင်းဆိုရာ၌ မိမိ၊ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားပျက်စီးအောင် ကြံစည်ပြောဆို ပြုမူတတ်သောသူကို “လူမိုက်” ဟုခေါ်သည်။ ထိုလူမိုက်နှင့် မပေါင်းသင်းခြင်းသည် မင်္ဂလာ မည်ပါပေသည်။ (၂) “ပဏ္ဍိတာနဉ္စသေဝနာ” ပညာရှိလူလိမ္မာတို့ကို မှီဝဲဆည်းကပ် ရခြင်းဆိုရာ၌ မိမိ၊ သူတစ်ပါး နှစ်ဦးသားတို့ အကျိုးစီးပွားဖြစ်ထွန်းအောင် ကြံစည်ပြောဆို ပြုမူတတ်သောသူကို “ပညာရှိ လူလိမ္မာ” ဟုခေါ်သည်။ ပညာရှိလူလိမ္မာတို့ကို မှီဝဲဆည်းကပ်ဆက်ဆံလျှင် အကျိုးစီးပွား ဖြစ်ထွန်းပြီး လူမိုက်တို့နှင့် ပေါင်းသင်းဆက်ဆံ၊ လူမိုက်တို့၏ အပြုအမူအကျင့်အကြံ တို့ကို လက်ခံ၊ လိုက်ပါဆောင်ရွက်ကြပါလျှင် မိမိ၊ သူတစ်ပါး အကျိုးစီးပွားများပျက်စီးမည်မှာ သေချာ သည်။
ပြည်သူပြည်သားများအနေဖြင့် မင်္ဂလာတရားနှင့်အညီဖြစ်သည့် ကောင်းမှု၊ မကောင်းမှုတို့ကို သိရှိကြပါသော်လည်း အားကြီးရာသို့ ကိုင်းညွတ်တတ်သည့် သဘောရှိသဖြင့် မကောင်းမှု ဘက်သို့ သိပါလျက်နှင့် လိုက်ပါသွားကြသည်လည်း ရှိသည်။ မိမိပြုလုပ်ခဲ့သောကံကို မိမိ ကိုယ်တိုင် အချိန်မီဆင်ခြင်နိုင်လျှင် မကောင်းမှုပြုလုပ်မိသော်လည်း အကျိုးပေးမတန်ဘဲ လူလိမ္မာများအဖြစ်သို့ ရောက်နိုင်ပေသည်။ မိမိပြုလုပ်ခဲ့သောကံတို့ကို မဆင်ခြင်ဘဲ ရှေ့ဆက် တိုးနေလျှင် လူမိုက်အဖြစ်သို့ လုံးလုံးလျားလျားကျရောက်ပြီး မိမိပြုလုပ်ခဲ့သော ကံအကျိုးပေး သည် တစ်နေ့နေ့တွင် မလွဲမသွေကြုံတွေ့ရမည်သာဖြစ်သည်။
သို့ဖြစ်ရာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရန်အတွက် မိမိတို့သည် မိမိ၊ သူတစ်ပါး အကျိုးစီးပွား မပျက်စီးအောင် ကာယကံအမှု၊ ဝစီကံအမှု၊ မနောကံအမှုတို့ကို မကျူးလွန်မိအောင် အထူးသတိပြုရမည် ဖြစ်သည်။ မိမိတို့၏ စိတ်ခံစားချက်အရ မည်မျှမည်သို့ ပင်ရှိသည်ဖြစ်စေ အကုသိုလ်အမှုမဖြစ်အောင် သတိပြုတတ်ဖို့လိုအပ်ပေသည်။ အကုသိုလ်အမှု မပြုမိစေရန်အတွက် “အသေဝနာစ ဗာလာနံ” လူမိုက်တို့ကို ရှောင်ကြဉ်ပြီး “ပဏ္ဍိတာနဉ္စ သေ၀နာ” ပညာရှိလူလိမ္မာတို့ကို မှီဝဲဆည်းကပ် ဆက်ဆံတတ်အောင် ကျင့်ကြံအားထုတ် နေထိုင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။