Skip to main content

ရိုးရှင်းလွယ်ကူသည့်နည်းလမ်းများဖြင့် ကမ္ဘာ့ကပ်ရောဂါအန္တရာယ်ကို ကာကွယ်

ကိုဗစ်-၁၉ ကပ်ရောဂါပိုးတွေ့ လူနာများ တွေ့ရှိမှုရာခိုင်နှုန်းများ ရုတ်တရက်မြင့်တက်လာမှုကို အမှတ်တမဲ့မနေကြဘဲ ပြည်သူ အချင်းချင်း အပြန်အလှန်အသိပေး၊ သတိပေးကြရန် လိုအပ်နေပြီ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်ရှိသည့် မြို့နယ်အချို့တို့တွင် ရောဂါဖြစ်ပွားမှုများ အစုလိုက် အပြုံလိုက်တွေ့ရှိခြင်း၊ ပိုးတွေ့လူနာအရေအတွက် ရုတ်တရက် မြင့်တက်လာခြင်း တို့ ကြောင့် နေအိမ်တွင် နေထိုင်ရေးအစီအစဉ် Stay at Home သတ်မှတ်ခဲ့သလို ပြည်တွင်းလေကြောင်း ခရီးစဉ်အချို့ကိုလည်း ယာယီရပ်နားထားခဲ့ရသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၄ သန်းကျော်ရှိပြီဖြစ်ပြီး ရောဂါကြောင့် သေဆုံးသူ ၃ ဒသမ ၇ သန်းကျော်ရှိလာပြီဖြစ်သည်။ ကိန်းဂဏန်းအရေအတွက်မှာ တစ်ရက်ပြီး တစ်ရက် မြင့်တက်နေမည့် ကန်းဂဏန်းများလည်း ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို မျိုးဗီဇ ပြောင်းလဲလာသည့် ဗိုင်းရပ်စ်မျိုးကွဲများက အရှိန်အဟုန်မြှင့်တင်ပေး လိုက်ခြင်းဖြစ်သည်ဟုလည်း သတင်းများတွင် တွေ့ရသည်။ ဥရောပ၊ အာဖရိက၊ တောင်အမေရိကနှင့် အာရှတို့ရှိ နိုင်ငံတစ်နိုင်ငံစီမှ ပေါ်ထွက်လာသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကကမ္ဘာ့နိုင်ငံများဆီသို့ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံများဆီသို့လည်း ဝင်ရောက်နေကြပြီဖြစ်သည်။ မိမိတို့နှင့် အနီးဆုံးနေရာများဆီသို့ ကူးစက်မြန်ကပ်ရောဂါက ချဉ်းကပ်ရောက်ရှိ လာနေချိန်တွင် ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်း၊ စည်းမျဉ်းစည်းကမ်းများကို ပေါ့လျော့လာနေကြောင်း တွေ့ရှိနေရသည်။ အကယ်၍သာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ရုတ်တရက်မြင့်တက်လာသည့် အခြေအနေသည် ဗိုင်းရပ်စ်မျိုးကွဲကြောင့်သာ ဖြစ်ခဲ့ပါလျှင် လွန်စွာစိုးရိမ်ပူပန်ဖွယ် ဖြစ်သည်ဟု ဆိုရတော့မည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲများ ထွက်ပေါ်လာခြင်း၊ ပိုးတွေ့လူနာ များ အရေအတွက် ရုတ်တရက် မြင့်မားလာခြင်းမှာ လက်ရှိကမ္ဘာ့ ကာကွယ်ဆေး ထုတ်လုပ်မှုများအပေါ်တွင်လည်း ရိုက်ခတ်မှုဖြစ်ပေါ် လာမည်ဟု ခန့်မှန်းကြည့်နိုင်ပြီးလက်ရှိကာကွယ်ဆေးထုတ်လုပ်မှု ပမာဏမျှနှင့် မလုံလောက်တော့ခြင်း၊ ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်နိုင်စွမ်းနည်းပါးခြင်းတို့ကဲ့သို့သော အခြေအနေများ ဖြစ်ပေါ် လာနိုင်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးလ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ဆက်လက်၍လည်း တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးနှင့် ရုရှားနိုင်ငံ ထုတ်ကာကွယ်ဆေးတို့ကို ခွင့်ပြုထားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စိတ်ချရသည့် အခြေအနေအထိ လွှမ်းခြုံ ရောက်ရှိနိုင်ရန် အချိန်အတိုင်းအတာတစ်ရပ် လိုအပ်နေဦးမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံပြီးသူများရော မထိုးနှံရသေးသူများပါ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို စွဲစွဲမြဲမြဲကျင့်သုံးကြရဦးမည် ဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရသူများသည် မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ မိမိအနီးဝန်းကျင်၌ ရှိနေသည်။ လူအများထိတွေ့နေသည့် အရာဝတ္ထုများစွာတို့တွင် မိမိတို့ မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသည့် ဗိုင်းရပ်စ်ပိုးများ တွယ်ကပ်နေသည်ဟု နှလုံးသွင်းကာ ရောဂါကာကွယ်ရေးကိုဖိဖိစီးစီး အလေးအနက် ဆောင်ရွက်ကြရန် လိုအပ်သည်။

လူအများသိရှိပြီးဖြစ်သော လွန်စွာလွယ်ကူသည့်နည်းလမ်း ကလေးများဖြစ်သည့် လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်း၊ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လူစုလူဝေး ရှိရာ နေရာများကို ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာ ခပ်ခွာခွာမှ ပြောဆိုဆက်ဆံခြင်းတို့ကို အလေးဂရုပြုကာ လိုက်နာကျင့်သုံးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး၏ အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါစေရန် အကြိမ်ကြိမ်အထပ်ထပ် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။