Skip to main content

အေးမြရေကြည် မဲဇလီဆည်မှသည်

စိမ်းစိုနေသည့်နှမ်းနှင့် ပဲစိုက်ခင်းများကို လမ်းဘေးတစ်ဖက်စီတွင် တွေ့ရသည်။ နွေကာလ မိုးမရ၍ ခြောက်သွေ့နေရမည့်အစား စိမ်းစိုသန်စွမ်း၍နေသည်။ အချို့နှမ်းပင်များသည် ပွင့်ဖူး၍နေပြန်သည်။ အချို့နေရာများတွင် ရေအပြည့်ဖြင့် စီးဆင်းနေသည့် မြောင်းမကြီးများကို တွေ့ရပြီး တောင်သူများက ထိုရေကိုရယူ၍ ရေပိုက်များဖြင့် စိုက်ခင်းများကို ရေသွင်း၍ စိုက်ပျိုးနေကြခြင်းဖြစ်သည်။

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ၊ တစ်နည်းအားဖြင့် ဖန်ခါးမြေသည် ချိုင့်ဝှမ်းဒေသ၊ မိုးအလွန်နည်းပြီး ပူပြင်းသော ရာသီဥတုရှိသည်။

 

သို့သော် မကွေးမြို့မှဧရာဝတီတံတား (မကွေး)ကို ဖြတ်သန်းလိုက်ပြီး မိနစ် အနည်းငယ်ကြာ ခရီးနှင်လိုက်ရုံဖြင့် ပွင့်ဖြူမြို့နယ်သို့ ရောက်ရှိသည်။ ပွင့်ဖြူ မြို့နယ်သည် အပူပိုင်းဒေသ ဖြစ်သော်လည်း ဆည်ရေရသဖြင့် နွေကာလမှာပင် အေးမြ၍ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသ ဖြစ်သည်။

 

မကွေးတိုင်းဒေသကြီးတွင် ဧရာဝတီမြစ်သည် တိုင်းဒေသကြီး၏ အလယ်ဗဟို ကိုဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ မြစ်၏အရှေ့ဘက်ခြမ်းသည် မြေပြန့်ဒေသများဖြစ်ပြီး အနောက် ဘက်ခြမ်းသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဒေသဖြစ်သည်။

 

တည်ဆောက်ထား

 

ဧရာဝတီမြစ်အတွင်းသို့ အရှေ့ဘက်ခြမ်းမှ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်းတို့ စီးဝင်ပြီး အနောက်ဘက်မှ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းတို့ စီးဝင်ကြသည်။ မုန်းချောင်းပေါ်တွင် အဓိက ဆည်ရေသောက် စနှစ်ဖြစ်သော မုန်းချောင်းရေလှောင်တမံ၊ ကြီးအုံကြီးဝ ရေလှောင်တမံများကို တည်ဆောက် ထားသည်ကို တွေ့မြင်ရသည်။

 

ပွင့်ဖြူမြို့နယ်ကို ရေပေးဝေလျက်ရှိ သည့် မဲဇလီရေလွှဲဆည်သည် မုန်းချောင်း ရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင် တမံများမှရေကို ရယူပေးဝေလျက်ရှိသည်။ မဲဇလီရေလွှဲဆည် ရေသောက်စနစ်သို့ ရေပို့လွှတ်ပေးနိုင်ရေး ဆောင်ရွက်ထားသည့် ကြီးအုံကြီးဝတမံ၏ ရေလှောင်နိုင် သည့်ပမာဏမှာ ဧကပေ ၃၀၂၇၀ဝ ရှိပြီး မုန်းချောင်းတမံ၏ ရေလှောင်နိုင်သည့် ပမာဏမှာ ဧကပေ ၆၂၀၉၀ဝ ရှိကြောင်း သိရသည်။

 

“အထက်ပိုင်းမှာရှိတဲ့ မုန်းချောင်း ရေလှောင်တမံက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ရေတွေကို ကြီးအုံကြီးဝ ရေလှောင်တမံကို လွှတ်ပေးတယ်။ မကွေးတိုင်းဒေသကြီး ထဲမှာရှိတဲ့ ဆည်တွေ ထဲမှာ ကြီးအုံကြီးဝဆည်က သာယာတယ်။ လှလည်းလှတယ်။ ဆည်ရေက မုန်းချောင်းတမံက ရေကို တစ်ဆင့်လွှတ် ပေးတာ ဖြစ်ပါတယ်။ တိုက်ရိုက်ရေပေး တာတော့ မဟုတ်ဘူး။ အဓိကက လျှပ်စစ် ထုတ်တယ်။ ပြီးတော့ မဲဇလီဆည်ကို ရေပေးတယ်၊ မဲဇလီဆည်ကမှတစ်ဆင့် စိုက်ပျိုးမြေတွေကို ရေပေးတာဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး (၃)မှ ဦးစီးအရာရှိ ဦးအောင်နိုင်ဝင်းက ပြောသည်။

ရေအားလျှပ်စစ်ထုတ်ယူ

 

မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်မြောက်ဘက် မုန်းချောင်း ရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံများမှ ရေအားလျှပ်စစ်ထုတ်ယူ ဆောင်ရွက်လျက်ရှိရာ မုန်းချောင်းရေ လှောင်တမံမှ ရေအားလျှပ်စစ်၂၅ မဂ္ဂါဝပ် သုံးလုံး(၇၅ မဂ္ဂါဝပ်)ကို လည်းကောင်း၊ ကြီးအုံကြီးဝ ရေလှောင်တမံမှ ၃၇ မဂ္ဂါဝပ်နှစ်လုံး (၇၄မဂ္ဂါဝပ်)ကို လည်းကောင်း ကီလိုဝပ်နာရီ သန်းပေါင်း များစွာ ထုတ်လွှတ် ပေးလျက်ရှိသည်။ ။

 

လျှပ်စစ်ထုတ်လွှတ်ပြီး ရေများကို မဲဇလီရေလွှဲဆည်သို့ ရေကူပေးဝေလျက် ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်မှ မိုးစပါး ၇၄၇၇၂ ဧက၊ နွေစပါး ၁၅၁၉၃ ဧက၊ နွေနှမ်း ၃၆၀၄၀ ဧက စိုက်ပျိုးနိုင်ခဲ့သည်။

 

မဲဇလီဆည်ရေကို မင်းဘူး၊ ပွင့်ဖြူး၊ စလင်း သုံးမြို့နယ်မှ တောင်သူသုံးသောင်းကျော် လူဦးရေ တစ်သိန်းကျော်ခန့်အား စိုက်ပျိုးရေနှင့်သောက်သုံးရေ ပေးဝေလျက် ရှိသည်။

ရှေးဟောင်းရေလွှဲဆည်

 

မဲဇလီရေလွှဲဆည်သည် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ အနီးတွင် မုန်းချောင်းကို ပိတ်၍ ၁၉၀၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ် တွင် ပြီးစီးခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၁၁၁ နှစ်သက်တမ်းရှိသော ရှေးဟောင်း ရေလွှဲဆည် တစ်ခုဖြစ်သည်။

 

ဆည်အမျိုးအစားမှာ ကွန်ကရစ် ကျောက်ပန်းရံအမျိုးအစားဖြစ်ပြီး အလျား ၈၃၈ပေ၊ အမြင့် ကိုးပေရှိသည်။ ဆည်ထိပ် အမြင့် RL-201.3 ပေ ရေသွင်း အ ဆောက် အအုံနှစ်ခု၊ ရေသွင်းတံခါး (၅" x ၉') ခုနစ်ပေါက်၊ သဲထုတ်တံခါး (၄၀' x ၁၁") သုံးပေါက်၊ မြောက်မုန်းနှင့် တောင်မုန်း မြောင်းမကြီး နှစ်ခုဖြင့် ရေပေးဝေလျက်ရှိသည်။

မဲဇလီရေသောက်စနစ် မြောက်မုန်း မြောင်းမကြီးမှာ အလျား ၂၄ ဒသမ ၆ မိုင်၊ တောင်မုန်း မြောင်းမကြီး အလျား ၂၉ ဒသမ ၂ မိုင် စုစုပေါင်းမြောင်းမကြီး အလျား ၅၄ မိုင်ရှိသည်။ လက်တံမြောင်း အရေအတွက် ၂၅ ခု၊ လက်တံခွဲမြောင်း များအပါအဝင် စုစုပေါင်းတူးမြောင်း အလျား ၂၂ ဒသမ ၅၂ မိုင်ဖြင့် ဆည်ရေသောက်ဧရိယာများသို့ ဆည်ရေပေးဝေ လျက်ရှိသည်။

 

“ကျွန်တော်တို့ မဲဇလီရေလွှဲဆည်က အရင်က ရေလွှဲဆည်ဖြစ်တာကြောင့် မိုးစပါးသာ ရေပေးနိုင် ခဲ့ပါတယ်။ မုန်းတမံ ကြီးအုံကြီးဝတမံတို့ ရေလွှဲဆည်အထက် မှာ တည်ဆောက်ပြီးစီးမှသာ မိုးစပါးဆည်ရေပေးဝေနိုင်တဲ့အပြင် ရေသိုလှောင် နိုင်မှုကြောင့် နွေသီးနှံတွေပါ တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်က ပြောသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိ သည်။

 

သုံးသီးစား စိုက်ပျိုးလာနိုင်

 

ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေဖူလုံစွာ ရရှိရေး၊ သောက်သုံးရေအဆင်ပြေစေရေး၊ ထိုမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စီမံကိန်းများချမှတ်၍ ဆည်/ တမံများ တည်ဆောက်ပေးလျက်ရှိရာ မိုးကိုမျှော်ကာ သမားရိုးကျစိုက်ပျိုးနေခဲ့ကြရာမှ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံတို့ဖြင့် သုံးသီးစား စိုက်ပျိုးလာနိုင်သည့်အတွက် ဒေသဝမ်းစာဖူလုံသည့် အပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဆည်ရေလုံလောက်စွာရရှိပြီး နိုင်ငံတစ်ခု၏ အဓိကတိုးတက်မှုအရင်း အမြစ်ဖြစ်သော ရေအားလျှပ်စစ်ကို ထုတ်လွှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူ့အကျိုးစီးပွားအတွက် ဖော်ဆောင် နိုင်ခဲ့မှုအပေါ် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေနှင့်ရော ပြည်သူတစ်ဦးအနေဖြင့်ပါ ဒေသခံပြည်သူ များအတွက် မုဒိတာပွားမိပါသည်။

 

မြောင်းဆုံးမြောင်းဖျားအထိ မဲဇလီဆည်ရေရရှိရေး၊ စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ရေးအတွက် မြောင်းပြုပြင် ထိန်းသိမ်းဆောင်ရွက်ရေး လုပ်ငန်းများကို မိုးမကျမီကာလတွင် အချိန်မီ ပြီးစီးအောင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းအဆင့်ဆင့်က စေတနာထားဆောင်ရွက်ပေးနေ သည်ကိုလည်း တွေ့မြင်ရသည်။

 

ဆောင်ရွက်လျက်ရှိ

 

၏မဲဇလီဆည်ရေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးမှု တိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ ဆည်ရေ အပြည့်အဝရရှိပြီး ရေသုံးစွဲမှု စနစ်တကျမျှတစွာ ရယူနိုင်ရေးတို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရှိ ဝန်ထမ်းများက အသိပညာပေးခြင်း၊ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ယခုအခါ တောင်သူများ ပူးပေါင်းပါဝင်သည့် ရေအသုံးပြုသူများ 309. (Water User Group - WUG)22:08 မြို့နယ်အလိုက်၊ မြောင်းအလိုက်၊ ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းကာ စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သဖြင့် ဒေသခံတောင်သူများသည် ဆည်ရေကို စနစ်တကျ ရယူ သုံးစွဲသည့် အလေ့အထကောင်းများ ရလာပြီး ထိုမှတစ်ဆင့် ပိုမိုတိုးတက်ကောင်းမွန်သော ခေတ်မီစိုက်ပျိုးနည်း စနစ်များကို အသုံးပြု၍ စိုက်ပျိုးလာနိုင် ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုလာ နိုင်တော့မည်ဖြစ်သည်။

 

ထို့ပြင် လူမှုစီးပွားဖူလုံရေး၊ လူနေ မှုဘဝမြင့်မားရေးတို့ကို ဆောင်ရွက်နိုင် လာပြီး သာယာဝပြော ပြည့်စုံတိုးတက်သည့် အနာဂတ်များကို တည်ဆောက် နိုင်လာတော့မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

 

ကေတာ