Skip to main content

ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၄ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဌာန ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇွန် (၄) ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် မိတ္ထီလာဟိုတယ်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နန်းတော်ကုန်းလမ်းနှင့်ကန်ပတ်လမ်းထောင့် နန်းရုံးအနီးရှိ ဝန်ဇင်းဟိုတယ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူမှ ဟိုတယ်လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းအခြေအနေ၊ ထပ်မံတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးသည့်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာမြို့သည် ကုန်းလမ်းကြောင်းများဆုံရာ အချက်အချာကျသည့် ဒေသဖြစ်သည့်အလျောက် ခရီးသွားဧည့်သည် များ ဖြတ်သန်းသွားလာမှု များပြားသည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ဆိုင်ရာ ထုတ်ပြန်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအား အထူး အလေးနက်ထား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခရီးသွား လုပ်ငန်း ပြန်လည်စတင်ပြီ ဖြစ်သည့်အတွက် လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များအား ကိုဗစ်-၁၉ နှင့်ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများ၊ အသိအမြင်များ သိရှိနိုင်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ဟိုတယ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက် ပြီးဆုံးမှု အခြေအနေနှင့် ထိုးနှံရန် ကျန်ရှိသူများအား အမြန်ဆုံး ထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန်အခြေအနေ၊ လက်ရှိကာလ အခြေအနေအရ ခရီးသွားဧည့်သည် များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စီမံထားရှိရန် လိုအပ်ကြောင်းနှင့် ခရီးသွားဧည့်သည် များအား ယခုထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင် ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဟိုတယ်အတွင်း ထပ်မံတိုးချဲ့ဆောက် လုပ်မည့် မြေနေရာနှင့် အိပ်ခန်းဆောင် ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ (၇၅၀) ပေ အထက်တွင် တည်ရှိပြီး၊ မိတ္ထီလာကန်၊ ဖောင်တော်ဦးဘုရား၊ နဂါးရုံဘုရား၊ ထီးသုံးဆင့်ဘုရား၊ ရွှေမြင်တင်ဘုရား စသည့် နေရာများသည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိသော အထင်ကရနေရာများဖြစ်ပြီး၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း (၂၂) လုံး ရှိကာ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ရွေးချယ်လည်ပတ်စရာနေရာများ ပိုမိုရရှိစေရန်အတွက် ခရီးစဉ်ဒေသသစ်များ ရှာဖွေဖော်ထုတ်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနပိုင်မြေနှင့် အဆောက်အဦအား နှစ်ရှည်ငှားရမ်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဂန္ဓမာမြိုင်၊ သီရီမြိုင်ဟိုတယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဟိုတယ်အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးနှင့် ဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော ငှားရမ်းသဘောတူစာချုပ်ပါ အချက်အလက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)