Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဘရူနိုင်းဒါရှုဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇွန် ၄

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်အရ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့သည် လေယာဉ်ဖြင့် ဇွန် ၃ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

လက်ခံတွေ့ဆုံ ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းဒါရူဆလမ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး HE Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် HE Dato Lim Jock Hoi တို့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံဆက်ဆံ ရေး၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်း အားထုတ်မှု၊ အာဆီယံနိုင်ငံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးရလဒ်များ အကောင်အထည်ဖော်မှု၊ မြန်မာ-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံ ကနဦး ဆန်းစစ်လေ့လာရေး အကြံပြုချက် များ အကောင် အထည်ဖော်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီးနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်တို့ကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်